ကျိုင်းတုံမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်များလဲကျခြင်းနှင့် အဆောက်အဦအချို့ အမိုးလန်ပျက်စီး

ကျိုင်းတုံ ဇွန် ၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်အတွင်း ယမန်နေ့ ညနေ ၃ နာရီခွဲခန့်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်များအမြစ်လန်လဲကျမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုသို့ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် အမှတ်(၃)ရပ်ကွက်၊ ပါလျှံဘုန်းကြီးကျောင်းအနီး ထွေအုပ်ဝန်ထမ်းအိမ်ယာအတွင်း လုံးပတ်(၁၄)ပေ၊ အရှည် ပေ(၈၀)ခန့်ရှိ ပိတောက်ပင်ကြီးတစ်ပင် အမြစ်လန်လဲကျ၍ (၆)ခန်းတွဲ ဝန်ထမ်းအိမ်ယာ (၁)ထပ်၏ အိမ်ခန်း(၄)ခန်း ပျက်စီးခဲ့ခြင်း၊ နောင်ကုန်ကျေးရွာအုပ်စု၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးရုံးရှေ့ လမ်းမကြီးပေါ်တွင် လုံးပတ်(၁)ပေခွဲ၊ အရှည် ပေ(၁၈)ခန့်ရှိ တောကုက္ကိုပင် အမြစ်လန်လဲကျ၍ လမ်းပိတ်မှုဖြစ်ပွားခြင်း၊ အမှတ်(၁)ရပ်ကွက်၊ အစိုးရရိပ်သာအနီး သစ်တစ်ပင်တောင်အတက်လမ်းတွင် လုံးပတ် (၁)ပေခွဲ၊ အရှည် ပေ(၂၂)ခန့်ရှိ မလေးရှားပိတောက်ပင်တစ်ပင် သစ်ကိုင်းကျိုးကျ၍ လမ်းပိတ်နေမှုဖြစ်ပွားခြင်းများကို မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက ရှင်းလင်းဖယ်ရှားခဲ့ကြောင်းသိရပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်သေဆုံးမှု မရှိကြောင်းသိရသည်။

ထို့အပြင် ရပ်ကွက်၊ ကျေးရွားမျာတွင်း လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်များကျိုးကျခြင်းနှင့် အဆောက်အဦအချို့ အမိုးလန်မျက်စီးမှုများရှိကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)