ဒဂုံအရှေ့ ဇွန် ၄
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးရုံးမှကြီးမှူး၍ အိမ်တွင်းမှုအတတ်ပညာဖြစ်သည့် ခြင်းတောင်းရက်လုပ်တတ်စေရန်၊ အလုပ်အကိုင် အခွင့်အလမ်းရရှိစေရန်၊ တစ်ပိုင်တစ်နိုင် လုပ်ကိုင်ဆောင်ရွက်ခြင်းကြောင့် ဝင်ငွေရရှိစေရန် ရည်ရွယ်၍ ပလတ်စတစ်ခြင်းရက်လုပ်နည်းသင်တန်းကို ယမန်နေ့နံနက် ၁၀ နာရီချိန်က အမှတ် (၁၁၀) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ဖွင့်လှစ်ခဲ့သည်။
ပလတ်စတစ်ခြင်းရက်နည်းသင်တန်းကို နည်းပြဆရာမ ဒေါ်စုမွန်ကျော်မှ သင်ကြားပြသပေးပြီး ရပ်ကွက်နေပြည်သူ စုစုပေါင်း (၁၅) ဦးတက်ရောက်၍ သင်တန်းအား (၃) ရက်တာ သင်ကြားပြသပေးသွားမည်ဖြစ်သည်။
အဆိုပါ ပလတ်စတစ်ခြင်း ရက်လုပ်ခြင်းသည် လူတစ်ဦးတစ်နေ့လျှင် ပုံမှန်ရက်လုပ်ပါက ခြင်း ၂ လုံး ရက်လုပ်ပြီးပါကြောင်း ခြင်းတစ်လုံးတွင်အရင်းအနှီး ငွေကျပ် ၇၀၀၀ ခန့်ရှိပြီး စျေးကွက်တွင် ရောင်းစျေး ၁၂၀၀၀ ခန့်ရှိကြောင်း သင်ကြားပြသပေးသည့် ဆရာမ၏ပြောကြားချက်အရ သိရသည်။
အေးမဉ္ဇူ