ပုဗ္ဗသီရိ ဇွန် ၄
ပြည်ထဲရေးဝန်ကြီးဌာန၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့နှင့် မြို့နယ်သစ်တောဦးစီးဌာနတို့ပူးပေါင်း၍ ဇွန်လ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ အမှတ်(၂၀)အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ ဆောင်ရွက်ခဲ့သည်။
ဟောပြောပွဲတွင် မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်သိန်းထွဋ်က မိုးရာသီ သစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲများအကြောင်းနှင့် သစ်တောပြုန်းတီးမှုသည် ရာသီဥတုပြောင်းလဲမှုကို ဖြစ်ပေါ်စေသောကြောင့် မိမိပတ်ဝန်းကျင်တွင် အရိပ်ရနှင့် အသီးအနှံပင်များ စိုက်ပျိုးရမည့်နည်းလမ်းများကိုလည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့မှ ခေတ္တတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သိန်းထွန်းက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သစ်တောသယံဇာတများ ထိန်းသိမ်းကာကွယ်ရေးနှင့် မြန်မာ့ရတနာကျွန်းပင်စိုက်ပျိုးရေးဆိုင်ရာ အကြောင်းကိုလည်းကောင်း ကျောင်းသား၊ကျောင်းသူများအား အသိပညာပေး ဟောပြောခဲ့ ကြသည်။
ထို့နောက် အခမ်းအနားအပြီးတွင် တက်ရောက်လာသည့် ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား သစ်တောလုံခြုံရေးရဲတပ်ဖွဲ့မှထုတ်ဝေသည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ပြီး အဆိုပါ အခမ်းအနားသို့ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့မှ အရာရှိများနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂၅၀ ဦးခန့် တက်ရောက် ခဲ့ကြောင်း သိရသည်။
အောင်ကို (ပုဗ္ဗသီရိ)