ဥတ္တရသီရိ ဇွန် ၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူးရုံးတွင် နေပြည်တော် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူးရုံး၏ ကြီးကြပ်ညွှန်ကြားမှုဖြင့် တိရစ္ဆာန်များတွင်ဖြစ်ပွားတက်သော ကူးစက်ရောဂါကာကွယ်ခြင်းနှင့် ထိန်းချုပ်ခြင်းဆိုင်ရာ အသိပညာနှင့်နည်းပညာပေးသင်တန်းကို ယမန်နေ့နံနက်ပိုင်းတွင် အဆိုပါရုံးအစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့ရာ နေပြည်တော် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာဝင်းဦး၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဇော်ဝင်းထွန်း၊ ခရိုင်/မြို့နယ်ဦးစီးမှူးများနှင့် သင်တန်းသားများ တက်ရောက်ခဲ့သည်။
သင်တန်းတွင် နေပြည်တော် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ ဝင်းဦးက သင်တန်းဖွင့်အမှာစကားပြောကြားသည်။ အဆိုပါသင်တန်းတွင် သင်တန်းနည်းပြများက သင်တန်းသား ၂၀ ဦးအား တိရစ္ဆာန်ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အခြေခံသိကောင်းစရာများ၊ ကျွဲ၊ နွား၊ ဆိတ်၊ ဝက်နှင့် တိုင်းရင်းကြက်များတွင် ဖြစ်ပွားတတ်သောရောဂါများနှင့်ကာကွယ်ခြင်း၊ ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်များအား ဇွန်လ ၃ ရက်နေ့မှ ၅ ရက်နေ့အထိ အသေးစိတ်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)