ပင်းတယ ဇွန် ၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် ရွှေပုထိုးတောင်ကျေးရွာအုပ်စု ရွှေပုထိုးတောင်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့ နံနက်ပိုင်းက ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အဖြစ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကိုကျင်းပပြုလုပ်ခဲ့ရာ ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ ကျောင်းဆရာ၊ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများပူးပေါင်း၍ ရွှေပုထိုးတောင်အခြေခံပညာအထက်တန်းကျောင်းအတွင်းအပြင် ခါတော်မှီ၊ ခရေ၊ ကံ့ကော်၊ မာတာကွတ်အပင်များကို စုပေါင်းစိုက်ပျိုးကြသည်။
ထိုနောက် အသိပညာပေးဟောပြောပွဲကို ရွှေပုထိုးတောင်အခြေခံညာအထက်တန်းကျောင်းခန်းမတွင် ဆက်လက်ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြူကြူလှိုင်က မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်၍လည်းကောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းခတ္တာမောင်က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ပတ်သက်၍လည်းကောင်း၊ သစ်တောဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက သစ်တော၊သစ်ပင်များနှင့်ပတ်သက်၍လည်းကောင်း ကျောင်းသား၊ ကျောင်းသူများကို အသိပညာပေးဆွေးနွေးပြောကြားကြကာ တက်ရောက်လာသူများမှသိရှိလိုသည်များအား မေးမြန်းကြရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးသည်။ ဟောပြောပွဲတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ပတ်ဝန်းကျင်နှင့်သက်ဆိုင်သည်များကို မေးမြန်းခဲ့ကြပြီး ဆုရကျောင်းသား၊ ကျောင်းသူများကို အမှတ်တရလက်ဆောင်ပစ္စည်းများကို ပေးအပ်ခဲ့ကြောင်း သိရသည်။
ယင်းနောက် မွန်းလွဲပိုင်းတွင် ပတ်ဝန်းကျင်ထိန်သိမ်းရေးဦးစီးဌာနက ၂၀၂၆ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် စာစီစာကုံးပြိုင်ပွဲကိုကျင်းပပေးခဲ့ပြီး၊ ဆုရကျောင်းသား၊ကျောင်းသူများအား ဇွန်လ ၅ ရက်နေ့တွင် ဆုများကိုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)