သုံးခွ ဇွန် ၄
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါး မျိုးစေ့ချကိရိယာ (Seeder)စိုက်ပျိုးခြင်း သရုပ်ပြအခမ်းအနားကို သိုက်တူးကန်ကျေးရွာအုပ်စု ကွင်းအမှတ် ၈၄၈ A၊ ဦးပိုင်အမှတ် ၃၅/၂ တောင်သူ ဦးမြင့်သောင်း၏ စိုက်ခင်းတွင် ယနေ့နံနက် ၈နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ တောင်သူ ဦးမြင့်သောင်း၏ လယ်ဧက ၁၀ ဧက၌ မှော်ဘီသုံး စပါးမျိုးအား မျိုးစေ့ချကိရိယာ (Seeder) ဖြင့် စိုက်ပျိုးရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မြတ်စု၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးမျိုးသန်း၊ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များနှင့် တောင်သူလယ်သမားများက ကြည့်ရှုအားပေးပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
သုံးခွမြို့နယ်တွင် မိုးစပါးစိုက်ဧက လျာထား (၁၅၃၆၁၀) ဧကရှိကြောင်း သိရသည်။ ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာနမှ တက်ရောက်လာသော တောင်သူလယ်သမားထံ စပါးပင်သက်တမ်းအလိုက် ဓာတ်မြေသြဇာထည့်သွင်းခြင်း ပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြသည်။
စည်သူလင်း(ပြန်/ဆက်)