ကျောက်ဆည် ဇွန် ၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးထားရှိသော နွေစပါးစီမံကိန်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
အဆိုပါ နွေစပါးစီမံကိန်းစိုက်ခင်းများကို မြို့နယ်သမဝါယမဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ကုလားချောင်းကျေးရွာအုပ်စု၊ အရှေ့ရွာနန်းနှင့် တောင်ပလူ စိုက်ပျိုးရေးနှင့်အထွေထွေသမဝါယမအသင်းသား ၆၄ ဦးမှ ၂၇၇ ဧက၊ ပင်တလည်ကျေးရွာအုပ်စု၊ ပင်တလည်နှင့်ထားဝယ် စိုက်ပျိုးရေးနှင့်အထွေထွေ သမဝါယမအသင်းသား ၁၅ ဦးမှ ၂၅၀ ဧက၊ ပုထိုးနီ ကျေးရွာအုပ်စု ပုထိုးနီ စိုက်ပျိုးရေးနှင့်ထုတ်လုပ်ရေးသမဝါယမ အသင်းသား ၁၅ ဦးမှ ၉၀ ဧက၊ ရွှေလေးကျေးရွာအုပ်စု ရွှေလေး စိုက်ပျိုးရေးနှင့်အထွေထွေသမဝါယမ အသင်းသား ၁၄ ဦးမှ ၆၀ ဧက၊ ဇရပ်ဖြူကျေးရွာအုပ်စု ဇရပ်ဖြူစိုက်ပျိုးရေးနှင့်အထွေထွေသမဝါယမ အသင်းသား ၃ ဦးမှ ၃၀ ဧက စိုက်ပျိုးထားကြောင်း သိရသည်။
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစီမံကိန်းများ စိုက်ပျိုးရာတွင် တောင်သူများ အဆင်ပြေစေရေး နိုင်ငံတော်မှ စပါးတစ်ဧကအတွက် ငွေကျပ်နှစ်သိန်းခွဲနှင့်ညီမျှသော သွင်းအားစုများ ပံ့ပိုးကူညီမှုဖြင့် စိုက်ပျိုးထားခြင်းဖြစ်ကြောင်းနှင့် သွင်းအားစုများ ပြည့်ဝစွာထည့်သွင်းအသုံးပြုနိုင်သည့်အတွက် တစ်ဧကစပါးအထွက်နှုန်း ပိုမိုတိုးတက်လာစေခြင်း၊ ဈေးနှုန်းနှင့်ဈေးကွက် သေချာခြင်း၊ တောင်သူများဝင်ငွေပိုမိုရရှိစေသည့်အပြင် နိုင်ငံ့စီးပွားတိုးတက်မြင့်မားလာခြင်း၊ စီမံကိန်းတွင် ပါဝင်သော အစုအဖွဲ့အားလုံး အကျိုးအမြတ်ကိုယ်စီရရှိခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုပေါ်ပေါက်လာစေခြင်း၊ ပုဂ္ဂလိကလုပ်ငန်းရှင်များအနေဖြင့် ပြည်ပဈေးကွက်များသို့ ပိုမိုချိတ်ဆက်မှု ရရှိစေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)