လားရှိုး ဇွန် ၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးမြေစိုက်ပိုစတာစိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယမန်နေ့က လားရှိုးမြို့နယ် မြို့တော်ခန်းမအနီး၌ ဆောင်ရွက်သည်။
ရှေ့ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းထွန်း၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ပွင့်ဖြူစင်မြင့်နှင့် တက်ရောက်လာသော တာဝန်ရှိသူများက ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အကြို “ရာသီဥတု ပြောင်းလဲမှုတိုက်ဖျက်ဖို့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်စို့” “A Global Call for Climate Action” အသိပညာပေးမြေစိုက်ပိုစတာအား စိုက်ထူပြီး အမွှေးနံ့သာရည်များပက်ဖျန်းကာ စုပေါင်းအမှတ်တရ မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့သည်။
ထို့နောက် သက်ရှိလောကတည်မြဲဖို့ သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းကြပါစို့၊ ပတ်ဝန်းကျင်ဆိုသည့် အဓိပ္ပာယ်၊ ပတ်ဝန်းကျင်ကထောက်ပံ့ပေးမှုများ၊ ပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုကို ဖြစ်စေသောအကြောင်းတရာများ၊ နောက်ဆက်တွဲဆိုးကျိုးများ၊ ကြုံတွေ့နေရသောပတ်ဝန်းကျင်ဆိုင်ရာပြဿနာများ၊ ပတ်ဝန်းကျင်ယိုယွင်းပျက်စီးမှု လျော့နည်းစေရေး တစ်ဦးချင်းလိုက်နာဆောင်ရွက်ရန် နည်းလမ်းများ စသည့်အကြောင်းအရာများပါဝင်သည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များအား အများပြည်သူကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး မြို့တော်ခန်းမရှေ့ရှိ လမ်းသွားလမ်းလာပြည်သူများ လက်ဝယ်သို့အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)