လှိုင်းဘွဲမြို့၌ ဥပဒေဆိုင်ရာ သိကောင်းစရာများနှင့်လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

လှိုင်းဘွဲ  ဇွန်  ၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ဥပဒေရေးရာ၊တရားစီရင်ရေးဆိုင်ရာနှင့်ဥပဒေဆိုင်ရာ အထောက်အကူပေးရေး အသိ ပညာပေးဟောပြောပွဲနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာမူလတန်းလွန်ကျောင်း၌ ဟောပြောပွဲဆောင်ရွက်ခဲ့သည်။

ဟောပြောပွဲတွင် လှိုင်းဘွဲမြို့နယ်ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူး စိုင်းထွန်းထွန်းလှက မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ ပြစ်မှု၊ ပြစ်ဒဏ်များ၊မြို့နယ်အတွင်း မူးယစ်ဆေးဝါးကာကွယ်တားဆီးရေးလုပ်ငန်းများကို အသိပညာပေးဟောပြောခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစောသော်တာလင်းသန့်က ကလေးအလုပ်သမားပပျောက်ရေး၊ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးတို့ကို အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ငွေက ဥပဒေရေးရာ၊ တရားစီရင်ရေးဆိုင်ရာနှင့် ဥပဒေဆိုင်ရာ သိကောင်းစရာများ၊ မြို့နယ်ဥပဒေအထောက်အကူပေးရေးအဖွဲ့မှ ကူညီဆောင်ရွက်ပေးနေသည့် လုပ်ငန်းများအား အသိပညာပေး ဟောပြောခဲ့ပြီးနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှု အန္တရာယ်နှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

စောဒိ(ပြန်/ဆက်)