လွိုင်လင်မြို့နယ် ဆဟောင်းကျေးရွာအုပ်စု၌ အစားထိုးသီးနှံ နှစ်ရှည်ပျိုးပင်ပေးအပ်

လွိုင်လင် ဇွန် ၄

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ်၊ ပင်လုံမြို့-ဆဟောင်းကျေးရွာအုပ်စု ကိုးနဝင်းတောင်တော် ရွှေစာရံဆုတောင်းပြည့်စေတီတော်ဓမ္မာရုံ၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တို့ပူပေါင်း၍ အစားထိုးသီးနှံ နှစ်ရှည်သီးနှံ ပျိုးပင်များပေးအပ်ပွဲကို ယမန်နေ့နံနက် (၁၀) နာရီကကျင်းပပြုလုပ်ပါသည်။

အစီအစဉ်အရ ဦးစွာ PNA ပြည်သူ့စစ်တာဝန်ခံ၊ သစ်တောဦးစီးဌာန ခရိုင်ဦးစီးမှူး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်သက်နိုင်တို့က အသီးသီးအမှာစကားပြောကြားကြသည်။ ယင်းနောက် အရိပ်ရနှစ်ရှည်ပင်ဖြစ်သည့် ခါတော်မီပျိုးပင်၊ ကော်ဖီပျိုးပင်နှင့် ထောပတ်ပျိုးပင်များကို တာဝန်ရှိသူများကပေးအပ်ကြရာ ကျေးရွာရှိတောင်သူများက လက်ခံရယူကြသည်။

ယနေ့ ပေးအပ်သည့် အစားထိုးသီးနှံ နှစ်ရှည်ပင်များမှာ ခါတော်မီပျိုးပင် ၅၀၀၀၊ ကော်ဖီပျိုးပင် ၁၀၀၀၀၊ ထောပတ်ပျိုးပင် ၁၅၀  နှင့် ရွက်ဖျန်းအားဆေးများကို အခမဲ့ပေးအပ်ခဲ့ကြောင်းနှင့်အခမ်းအနားသို့ ဖိတ်ကြားထားသောဌာနဆိုင်ရာများ၊ ဌာနေပြည်သူ့စစ်များနှင့် စိုက်ပျိုးရေးတောင်သူ ကျေးရွာသူ ၊ ကျေးရွာသား ၃၀၀ ဦးခန့်တက်ရောက်ကြကြောင်းသိရသည်။

လွိုင်လင်မိုး