ရန်ကုန် ဇွန် ၄
၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၁၈)နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇွန်လ ၂ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့ သုဝဏ္ဏ ဘောလုံးကွင်း၌ ကျင်းပသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့်အဖွဲ့သည် ကရင်ပြည်နယ်အသင်းနှင့် ရှမ်းပြည်နယ်အသင်းတို့၏ ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးသည်။
ထို့နောက် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပရာ အကောင်းဆုံး ဂိုးသမားဆု ရရှိသည့် ကရင်ပြည်နယ်အသင်းမှ ကျောနံပါတ်(၁) စောကောင်းခန့်၊ အကောင်းဆုံး နောက်တန်းဆုရရှိသည့် ရှမ်းပြည်နယ်အသင်းမှ ကျောနံပါတ်(၄) သန့်ဇင်၊ အကောင်ဆုံး အလယ်တန်းဆုရရှိသည့် ကရင်ပြည်နယ်အသင်းမှ ကျောနံပါတ်(၁၀) စောအောင်မျိုးဦး၊ အကောင်းဆုံး ရှေ့တန်းဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီး အသင်းမှ ကျောနံပါတ်(၁၀) ကျော်လင်းခန့်၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးဆု ရရှိသည့် ရှမ်းပြည်နယ်အသင်းမှ ကျောနံပါတ်(၁၁) ခွန်သာအောင်၊ စတုတ္ထဆုရရှိသည့် ကချင်ပြည်နယ်အသင်း၊ တတိယဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် ဒုတိယဆုရရှိသည့် ရှမ်းပြည်နယ်အသင်းတို့အား တာဝန်ရှိသူများက တစ်ဦးချင်း ဆုတံဆိပ်များနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီး ပေးအပ်ခဲ့ကြသည်။
ယင်းနောက် ပထမဆုရရှိသည့် ကရင်ပြည်နယ်အသင်းအား ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်က တစ်ဦးချင်း ဆုတံဆိပ်များကို လည်းကောင်း၊ အာရှဘောလုံးအဖွဲ့ချုပ် အကြီးတန်း ဒုတိယဥက္ကဌနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က ဂုဏ်ပြုချီးမြှင့်ငွေများကို လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူက တံခွန်စိုက်ဆုဖလားကို လည်းကောင်း အသီးသီးပေးအပ်ခဲ့ကြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူက ဖျော်ဖြေရေးအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)