ပျော်ဘွယ် ဇွန် ၄
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပျော်ဘွယ်မြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံတော်အစိုးရသစ်၏ ရက်(၁၀၀) လမင်းစီမံချက်ဖြင့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများနှင့် UID ပြုလုပ်ပေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံသားကတ်ရရှိသူများနှင့် UID ကတ်ရရှိသူများအား ထုတ်ပေးခြင်းကို ဇွန်လ ၄ ရက် နံနက် ၁၀ နာရီက ကျီနီကျေးရွာ အခြေခံပညာအထက်တန်း ကျောင်းခွဲတွင် ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရမည်းသင်းခရိုင် ဦးစီးမှူး ဦးစိုးမြင့်က စီမံချက်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများအတွက် နိုင်ငံသားစိစစ်ရေးကတ်ရရှိရေးအတွက် ဆောင်ရွက်ပေးနေမှုအခြေအနေများနှင့် ပျောက်ဆုံးပျက်စီးမှုမရှိစေရန် ဂရုပြုရေးတို့ကို ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရမည်းသင်းခရိုင်ဦးစီးမှူး ဦးစိုးမြင့်၊ မြို့နယ်ဦးစီးမှူး ဦးဇော်မိုးလွင်နှင့်တာဝန်ရှိသူများက အသက် ၁၀ နှစ်နှင့်အထက် ကျောင်သား၊ ကျောင်းသူ စုစုပေါင်း ၁၀၀ ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID ကတ်များကို တစ်ပါတည်းပေးအပ်ခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)