ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၅) ရပ်ကွက်၌ “မြို့သန့်ရှင်းသာယာလှပရေး” ပြည်သူ့စကားဝိုင်း ပြုလုပ်

ဗိုလ်တထောင် ဇွန် ၄

 ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၌ “မြို့သန့်ရှင်းသာယာလှပရေး” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲ (Public Talk)ကို ယမန်နေ့နံနက် ၁၀ နာရီက အမှတ်(၅) ရပ်ကွက် ဓမ္မာရုံ၌ ပြုလုပ်သည်။

ဦးစွာ ဗိုလ်တထောင်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလှိုင်မောင်က အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မိုးကျော်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းအောင်မြင့်ခိုင်တို့က မြို့သန့်ရှင်းသာယာလှပရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ဝင်းကြည်က ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲ ပြုလုပ်ရခြင်းနှင့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်လျှပ်စစ်ဓာတ်အားပေးကော်ပိုရေးရှင်း မန်နေဂျာ(အင်/ယာ) ဦးကျော်ဇာလင်း၊ စည်ပင်ရေသန့်ဌာန တာဝန်ခံ အငယ်တန်းအင်ဂျင်နီယာ (၂)ဒေါ်ဖြိုးဖြိုးတင့်၊ ရေစီးရေလာစီမံခန့်ခွဲမှုဌာန အငယ်တန်းအင်ဂျင်နီယာ (၂) ဦးထိန်လင်းမြို့တို့က သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးခဲ့ကြသည်။

၎င်းနောက် တာဝန်ရှိသူများ၏ ဆွေးနွေးချက်များအပေါ် တက်ရောက်လာသည့် ဒေသခံပြည်သူများက သိရှိလိုသည်များ မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။

ခင်ဝင်း(ပြန်/ဆက်)