တောင်ကြီးမြို့၌ အပတ်စဉ်(၆) သူနာပြုနှင့်သားဖွားဒီပလိုမာ(၃)နှစ် သင်တန်းသား/ သူများ၏ ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲအခမ်းအနားကျင်းပ

တောင်ကြီး      ဇွန်  ၃

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သားဖွားသင်တန်းကျောင်း၊ တောင်ကြီးမြို့၌ အပတ်စဉ်(၆) သူနာပြုနှင့် သားဖွားဒီပလိုမာ (၃)နှစ် သင်တန်းသား/ သူများ၏ ဂျူတီကုတ်နှင့် ဦးဆောင်းပေးအပ်ပွဲအခမ်းအနားကို ဇွန်လ(၂)ရက်နေ့၊ နံနက်ပိုင်းက တောင်ကြီးမြို့ရှိ သားဖွားသင်တန်းကျောင်းခန်းမတွင် ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူ၊ လီဆူးတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်ငွေလှိုင်၊ အင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်တင်တင်ရီ၊ တက္ကသိုလ်/ ဒီဂရီကောလိပ်မှ ပါမောက္ခချုပ်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းသားသင်တန်းသူများ တက်ရောက် ကြသည်။

ဦးစွာ သင်တန်းသား/ သူများက “ကရုဏာအလင်း” သီးချင်းဖြင့် ဖျော်ဖြေကြပြီး ရှမ်းပြည်နယ်လူမှုရေးရာဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံခေတ်မီဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် ကျန်းမာရေးကဏ္ဍသည် အရေးကြီးသည့် အခန်းကဏ္ဍအဖြစ်ပါဝင်ကြောင်း၊ ပြည်သူလူထုနှင့်ဆက်ဆံရာတွင် မေတ္တာ၊ စေတနာ အရင်းခံပြီး ပြည်သူနှင့်တစ်သားတည်းဖြစ်အောင် ဆက်ဆံကြရန် လိုအပ်ကြောင်း၊ မိမိနိုင်ငံနှင့် ပြည်သူများအတွက် အားကိုးအားထား ပြုရသည့် သူနာပြုကောင်းများဖြစ်အောင် ကြိုးစားကြရန်လိုအပ်ကြောင်း ပြောကြားသည်။ ဆက်လက်၍ သားဖွား သင်တန်းကျောင်း ကျောင်းအုပ်မှ ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြ သည်။ ထို့နောက် အပတ်စဉ်(၆) သူနာပြုနှင့် သားဖွားဒီပလိုမာ (၃)နှစ် သင်တန်းသား/ သူများအား ဂျူတီကုတ်နှင့် ဦးဆောင်းများကို တာဝန်ရှိသူများက အပ်နှင်းပေးကြပြီး “သူနာပြုသစ္စာအဓိဌာန်” ရွတ်ဆိုကြသည်။

ယင်းနောက် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ပထမနှစ် Semester(1)အတွက် ဆုရရှိ သူများအား လီဆူးတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်ငွေလှိုင်ကလည်းကောင်း၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ပထမနှစ်အတွက် ဆုရရှိသူများအား အင်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဒေါ်တင်တင်ရီကလည်းကောင်း၊ ဒုတိယနှစ်အတွက် ဆုရရှိသူများအား ပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူကလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး တက်ရောက် လာသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။

ထက်ဝေ(ပြန်/ဆက်)