တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (ပထမနေ့)ကျင်းပ

မန္တလေး  ဇွန် ၃

တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (ပထမနေ့)ကို ဇွန်လ ၂ရက်နေ့ နံနက် ၁၀ နာရီက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးတောင်ခြေရှိ၊ တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ မန္တလေးတိုင်း ဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်နှင့်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်နှင့် တိုင်းဒေသကြီးစာရင်းစစ်ချုပ်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်စားလှယ်များ၊ စုစုပေါင်း(၇၆)ဦး တက်ရောက်သည်။

အဆိုပါ ပုံမှန်အစည်းအဝေးတွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်(၁)ဦးက ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုချက်ပေါ်တွင် လက်မှတ်ရေး ထိုးခြင်း၊ ၎င်းနောက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၁၀)ဦး မေးမြန်းသည့်ကြယ်ပွင့်ပြ မေးခွန်း(၁၅)ခုကို သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြား ခြင်းတို့ဆောင်ရွက်ကြသည်။

ဆက်လက်၍ မန္တလေးတိုင်းဒေသကြီးလွှတ်တော်စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စီးပွားရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်၊ စက်မှု၊ စွမ်းအင်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းစောင့်ရှောက်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်သူ့ရေးရာနှင့်လူမှုရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာကော်မတီ အဖွဲ့ဝင်နှင့် စိုက်ပျိုးရေးနှင့်မွေးမြူရေးဆိုင်ရာကော်မတီ အဖွဲ့ဝင်တို့အား ပြောင်းလဲ/ ဖြည့်စွက်တာဝန် ပေးအပ်ရန် အမည်စာရင်းများကို လွှတ်တော်သို့ တင်ပြပြီး၊ ၎င်းကော်မတီ (၅) ခု၏ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များပြောင်းလဲ/ ဖြည့်စွက်တာဝန်ပေးအပ်ခြင်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းပေးသွင်းနိုင်ကြောင်း ကြေညာ သည်။

ထို့နောက် တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့ ကိုရပ်နားလိုက်ပြီး အစည်းအဝေး ဒုတိယနေ့ကို ဇွန်လ ၄ ရက် နံနက် ၁၀ နာရီအချိန်တွင် ကျင်းပမည်ဖြစ်ကြောင်းသိရသည်။

မြင့်မော်ထွန်း (ပြန်/ဆက်)