တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဇော်နိုင်ဦး ဘော်လီဘောအသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားသို့တက်ရောက်

ထားဝယ်  ဇွန်

၂ဝ၂၆ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက်ဘော်လီဘောပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် တနင်္သာရီတိုင်းဒေသကြီး ဘော်လီဘောအသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးဇော်နိုင်ဦးက တောင်ကြီးမြို့တွင် ၂၀၂၆ ခုနှစ်၊ ဇွန်လ (၁၀) ရက်နေ့မှ (၁၉)ရက်နေ့အထိ ကျင်းပပြုလုပ်မည့် ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘော်ပြိုင်ပွဲကျင်းပရန် ရက်ပိုင်းမျှသာလိုသည့်အတွက် သွားရောက်ယှဉ်ပြိုင်မည့် တနင်္သာရီတိုင်းဒေသကြီးလက်ရွေးစင် အမျိုးသား/အမျိုးသမီး ဘော်လီဘောအသင်းမှ အားကစားမောင်မယ် များအားလုံး ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့်အားကစားပညာ ရပ်ပိုင်းဆိုင်ရာအပါအဝင်အစစ အရာရာအသင့်ဖြစ်နေပြီဟုယုံကြည်ကြောင်း၊ အားကစားမောင်မယ်များ၏ ဇွဲ၊ လုံ့လ၊ ဝီရိယ အပြည့်အဝဖြင့်“ပွဲမဝင်ခင်အပြင်ကကျင်းပ”ဆိုသည့်အတိုင်းအားကြိုးမာန်တတ်ပြင်းထန်စွာလေ့ကျင့်ပြင်ဆင်နေကြသည်များကို တွေ့မြင်ရပြီးအောင်မြင်မှုရရှိရေးနှင့် စိတ်အားထက်သန်လျက်ရှိသည်ကို သိရှိရကြောင်း၊“လေ့ကျင့်မှ ကျွမ်းကျင်၊ ကျွမ်းကျင်မှ ယုံကြည်၊ ယုံကြည်မှ ရဲရင့်၊ ရဲရင့်မှအောင်ပွဲခံဆိုသည့်အတိုင်း လေ့ကျင့်သားပြည့်ဝပြီး ယုံကြည်မှုခိုင်မာစွာဖြင့်အောင်နိုင်လိုစိတ်များအပြည့်နှင့် ယှဉ်ပြိုင်ကြရန် အသင့်ဖြစ်နေပြီဟုလည်း ယုံကြည်ကြောင်း၊ အားကစားသမားများအနေဖြင့် ယခုသွားရောက်ယှဉ်ပြိုင်မည့်ဘော်လီဘောပြိုင်ပွဲမှတိုင်းဒေသကြီးအတွက် ဆုတံဆိပ်များ ဆွတ်ခူးပြီး လူချွန်လူကောင်းများဖြစ်သည်ကို လက်တွေ့ပြသနိုင်မည့် အခွင့်အလမ်းကောင်းတစ်ရပ်ဖြစ်သည့်အပြင် မိမိတိုင်းဂုဏ်ကို မြှင့်တင်ပေးနိုင်မည်ဟုလည်းယုံကြည်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးအနေဖြင့် ဘော်လီဘောအားကစား နည်းတွင်အောင်မြင်မှုကိုပြန်ကြည့်ပါက ၂၀၁၇ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးဘော်လီဘော ပြိုင်ပွဲတွင်အမျိုးသမီးအသင်းအနေဖြင့်ပထမ၊ ၂၀၁၈ ခုနှစ်၊ ၂၀၁၉ ခုနှစ်၊ ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘောပြိုင်ပွဲများတွင်  အမျိုးသမီးအသင်းအနေဖြင့် တတိယ၊ ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် အမျိုးသမီးအသင်းအနေဖြင့် ဒုတိယရရှိခဲ့သည်ကိုတွေ့ရှိရသည့်အတွက်အောင်မြင်မှု အရှိန်အဟုန်များကို ဆက်လက်ထိန်းသိမ်းနိုင်အောင် ဘော်လီဘော အားကစားသမားအားလုံးက ကြိုးစား အားထုတ်သွားကြရန်နှင့် ပထမဒိုင်းဆုရရှိပါက တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း၊ ဘော်လီဘော အားကစားသမားများအနေဖြင့် ယုံကြည်အားထားမှုအပေါ် အလေးအနက်ထား၍ ပထမဆုဖလား ဆွတ်ခူးရရှိအောင်ကြိုးစား ယှဉ်ပြိုင်သွားကြရန် လိုအပ်ကြောင်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးဦးသက်နိုင်က ပြိုင်ပွဲသွားရောက် ယှဉ်ပြိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ခဲ့မှုနှင့်ပြိုင်ပွဲကျင်းပမည့် ဒေသသို့သွားရောက်မည့် အခြေအနေအား ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က တိုင်းဒေသကြီး အသက် (၂၅) နှစ်အောက်ဘော်လီဘောအသင်းသို့ အောင်နိုင်ရေးအလံ ပေးအပ်သည်။

ဆက်လက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က အသက်(၂၅)နှစ်အောက် ဘော်လီဘော အသင်းသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့က ချီးမြှင့်‌ငွေကျပ် (၅၆) သိန်းအား ပေးအပ်ပြီး တိုင်းဒေသကြီး ဘော်လီဘောဆပ်ကော်မတီက ချီးမြှင့်ငွေကျပ် (၂၅) သိန်းအား ပေးအပ်ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)