ကျောက်မဲမြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အကြိုအထက်တန်းနှင့် အလယ်တန်း အဆင့် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲ ကျင်းပ

ကျောက်မဲ ဇွန် ၃

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှကြီးမှူး၍ ၂၀၂၆ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က-၁) ကျောက်မဲမြို့၌ အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲကို ဇွန် ၂ ရက် မွန်းလွဲပိုင်းကအဆိုပါကျောင်း၌ ကျင်းပခဲ့သည်။

ထိုသို့ ကျင်းပရာတွင် "ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ဖို့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်စို့" ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ပြီး ပြိုင်ပွဲတွင် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၌ (၉) ဦး၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၌ (၂၂) ဦး၊ အထက်တန်းအဆင့် ပန်းချီပြိုင်ပွဲ၌ (၅) ဦးနှင့် အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲ၌ (၁၄) ဦး၊ စုစုပေါင်း ကျောင်းသား ကျောင်းသူ (၅၀) ဦးတို့က မိမိတို့ကျွမ်းကျင်ရာကဏ္ဍအလိုက် စိတ်ပါဝင်စားစွာပါဝင်ယှဉ်ပြိုင်ကြသည်။

အဆိုပါ ပြိုင်ပွဲများတွင် ကျောင်းသား၊ ကျောင်းသူများ ယှဉ်ပြိုင်နေမှုများကို ကျောက်မဲခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဆွေဝင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးညွန့်ရွှေ၊ ခရိုင်ပညာရေးမှူး ဦးဆန်းဝင်း၊ ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန (ခေတ္တခရိုင်တာဝန်ခံ) ဦးစိန်မောင်ဌေး၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်ဌေးနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။

ပြိုင်ပွဲအသီးသီးတွင် ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဇွန်လ ၅ ရက်နေ့တွင် ကျင်းပမည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားတွင် ဆုများ ပေးအပ်ချီးမြှင့် သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်