မိုးစပါးထွန်ယက်စိုက်ပျိုးမည့် တောင်သူများ လက်ဝယ်အရောက် စက်သုံးဆီဖြန့်ဖြူးရောင်းချ

ဘားအံ ဇွန်   ၃

ဘားအံမြို့နယ်အတွင်းရှိ မိုးစပါးထွန်ယက်စိုက်ပျိုးကြမည့် တောင်သူလယ်သမားများ မိုးစပါးထွန်ယက်နိုင်ရန်အတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့၏အစီအစဉ်ဖြင့် စိုက်ပျိုးတောင်သူများ လက်ဝယ်အရောက် စက်သုံးဆီများကို ဖြန့်ဖြူးရောင်းချပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ဘားအံမြို့၊ အမှတ်(၈) ရပ်ကွက်ရှိ ချောစုဆီဆိုင်တွင် စက်သုံးဆီများကို ဖြန့်ဖြူး ရောင်းချပေးခဲ့သည်။

ယခုကဲ့သို့ဖြန့်ဖြူးရောင်းချပေးခြင်းသည် စိုက်ပျိုးတောင်သူများရေပြည့်ဝစွာရရှိရေးရေတင်နိုင် ရန်၊ မိုးစပါးနှင့်အခြားသီးနှံများ အချိန်မီစိုက်ပျိုးနိုင်ရေး မြေယာထွန်ယက်ပြုပြင်နိုင်ရန်အတွက် ဖြန့်ဖြူးရောင်းချပေးခြင်းဖြစ်ကာ တောင်သူတစ်ဦးလျှင် စက်သုံးဆီ ၅ ဂါလန်နှုန်းဖြင့် ကျေးရွာပေါင်း ၂၀ ရွာမှ တောင်သူ ၄၀၀ ဦး၏ စိုက်ဧက ၁၀၀၀ ဧကအတွက် စက်သုံးဆီ ၂၀၀၀ ဂါလံကို ဖြန့်ဖြူး ရောင်းချပေး ခဲ့သည်။

တောင်သူလယ်သမားများ စိုက်ပျိုးရာသီတွင် အဆင်ပြေချောမွေ့စွာ ထွန်ယက်စိုက်ပျိုးနိုင်ရေး အတွက် ပြည်နယ်အစိုးရ၏အစီအစဉ်ဖြင့် ပြည်နယ်ရေနံထွက်ပစ္စည်းကြီးကြပ်ရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် စက်သုံးဆီအရောင်းဆိုင်များ အလှည့်ကျပူးပေါင်း ၍ရောင်းချပေးခြင်း ဖြစ်ပြီး ယနေ့ထိ စက်သုံးဆီ ဒီဇယ်၊ ဓာတ်ဆီဂါလံ စုစုပေါင်း ၈၆၀၀ ကျော်ကို တောင်သူများ လက်ဝယ် အရောက် ဖြန့်ဖြူးရောင်းချပေးခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။

ခရိုင် ပြန်/ဆက်