မိုးကောင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကမ္ဘာ့ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

မိုးကောင်း      ဇွန်     ၃

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်သစ်တောဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ဇွန်လ(၅)ရက် တွင်ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကို လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမ၌ မေလ(၃)ရက်နံနက်(၉)နာရီတွင် ကျင်းပသည်။

အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဖြိုးဖြိုးကြိုင်က အသိပညာပေးဟောပြောပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ အမှာစကား ပြောကြားပြီး မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန်းမော်က မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တောဇီဝမျိုးစုံမျိုးကွဲ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ဥပဒေဆိုင်ရာများကိုလည်းကောင်း၊ တောအုပ်ကြီး ဦးအောင်သန်းနိုင်က သစ်တောမြေပြင်ပ ပုဂ္ဂလိကစိုက်ခင်းမှတ်ပုံ တင်ရေးသွင်း ခြင်းဆိုင်ရာများကိုလည်းကောင်း Power Point ဖြင့် အသိပညာပေးဟောပြောသည်။

ဆက်လက်၍ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေးဆိုင်ရာ Video Clip ကိုပြသ၍ တက်ရောက်လာသူများမှ သိလိုသည်များကို ပြန်လည်ဖြေကြားဆွေးနွေးပြီး ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် စာစီစာကုံးဆုရသူများကို တာဝန်ရှိသူများကဆုချီးမြှင့်ကြသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်စာစီစာကုံးဆုရ ကျောင်းသား၊ ကျောင်းသူများနှင့်၎င်းတို့၏မိဘများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်သည်။

သန်းလွင်ဦး(ပြန်/ဆက်)