မန္တလေးတိုင်းဒေသကြီးအဆင့် သူနာပြု-သားဖွားဒီပလိုမာအောင်လက်မှတ်အပ်နှင်းခြင်း အခမ်းအနားကျင်းပ

ချမ်းအေးသာစံ ဇွန်  ၃

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သူနာပြု သားဖွားဒီပလိုမာ အောင်လက်မှတ်အပ်နှင်းခြင်းအခမ်းအနားကို မန္တလေးမြို့၊ မြို့တော်ခန်းမ၌ ယနေ့ဇွန်သုံးရက်နေ့ နံနက်ပိုင်းက ကျင်းပဆောင်ရွက်ခဲ့ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မန္တလေး-သူနာပြုသိပ္ပံကျောင်းမှ ဒုတိယကျောင်းအုပ်ကြီး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းဆွေက ကျေးဇူးတင်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် နောက်ဆုံးနှစ်(၄/၂၀၂၃)သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ထပ်မံပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။

ဆက်လက်ပြီး သူနာပြု-သားဖွား ဒီပလိုမာအောင်လက်မှတ်အပ်နှင်းခြင်း ဆောင်ရွက်ခဲ့ရာ သူနာပြုသိပ္ပံ (မန္တလေး)၏ စီမံခန့်ခွဲရေးအဖွဲ့နှင့် ပညာရေးအဖွဲ့ဝင်များက သူနာပြု-သားဖွားဒီပလိုမာ သုံးနှစ်သင်တန်း၊ နောက်ဆုံးနှစ်လက်မှတ်ရ သင်တန်းသား/ သင်တန်းသူ စုစုပေါင်း ၁၂၁ ဦးတို့အား တစ်ဦးချင်းစီ အောင်လက်မှတ်များ အပ်နှင်းခဲ့ကြောင်းသိရသည်။

 ချမ်းစံ/ပြန်ဆက်