ဟားခါး ဇွန် ၃
ချင်းပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုးမှု၊ ချင်းပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့၏ ကူညီထောက်ပံ့မှုတို့ဖြင့် ချင်းပြည်နယ် တိုင်းရင်းဆေးပညာဦးစီးဌာနက ဖွင့်လှစ်သည့် တိုင်းရင်းဆေးပညာပေးအခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၂၆) သင်တန်းဆင်းပွဲကို ဇွန် ၂ ရက် မွန်းလွဲ ၁ နာရီခွဲတွင် ဟားခါးမြို့၊ ချင်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က အမှာစကားပြောကြားရာတွင် နိုင်ငံတော်က ကျန်းမာရေး၊ ပညာရေးကို အထူးအားပေးတဲ့အချိန်အခါဖြစ်ပါကြောင်း၊ ကျန်းမာရေး ကဏ္ဍနှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာနက ရည်မှန်းချက်များ ချမှတ်ပြီးပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပြည်သူတစ်ရပ်လုံး သက်ရှည်ကျန်းမာဖို့၊ သက်တမ်းပြည့်နေနိုင်ဖို့နှင့် တိုင်းရင်းဆေးပညာ ထွန်းကားပျံ့နှံ့ရေးအတွက် သင်တန်းများ ဖွင့်လှစ်ပေးခြင်း ဖြစ်ကြောင်း၊ "မသိသူကျော်သွား၊ သိသူဖော်စား" ဆိုရိုးစကားအတိုင်း ကိုယ့်အနီးအနားပတ်ဝန်းကျင်မှာရှိတဲ့ အပင်တွေက ကျန်းမာရေးကာကွယ်နိုင်ကြောင်း၊ ဝေဒနာတွေ ပျောက်ကင်းအောင် ဆောင်ရွက်ပေးနိုင်ကြောင်း၊ တိုင်းရင်းဆေး အသုံးဝင်ပုံ သိထားမယ်ဆိုရင် မိမိနှင့် ပတ်ဝန်းကျင်ကို ကျန်းမာရေးစောင့်ရှောက်မှု ပြန်လည်မျှဝေပေးနိုင်မည် ဖြစ်ကြောင်း၊ ချင်းပြည်နယ် အစိုးရအဖွဲ့အနေဖြင့် သင်တန်းများဖွင့်လှစ်ပေးမှု၊ ပြင်ပလူနာကုသပေးမှုများကို တိုးချဲ့ဆောင်ရွက်ပေးရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ချင်းပြည်နယ်တိုင်းရင်းဆေးပညာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက သင်တန်းဖွင့်လှစ်မှု အခြေအနေကို ရှင်းလင်းတင်ပြပြီး သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများအား ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ဆုများချီးမြှင့်ပေးပြီး တိုင်းရင်းဆေး ပညာအခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၂၆)တွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့သော ချင်းပြည်နယ် မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့အား ပြည်နယ်လူမှုရေးဝန်ကြီး ဦးစိန်ထွန်းလှက ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ရာ ချင်းပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ဒိမ်ခန့်လွင်က လက်ခံရယူသည်။
ယင်းနောက်ချင်းပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ဒိမ်ခန့်လွင်က တိုင်းရင်းဆေး ပညာအခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၂၆) သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ရာ သင်တန်းသားများကိုယ်စား သင်တန်းသူတစ်ဦးက လက်ခံရယူပြီး သင်တန်းသားများကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ၊ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ၊ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ချင်းပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ နာယကနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် သင်တန်းသား/သူများ တက်ရောက်ကြကြောင်းပြီး ချင်းပြည်နယ်တိုင်းရင်းဆေးပညာဦးစီးဌာနက ခင်းကျင်းပြသထားသည့် ဆေးဖက်ဝင်အပင်များအား ကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)