ဟိုပုံး ဇွန် ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ပအိုဝ်းကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အမျိုးသမီးများအတွက် ဝင်ငွေတိုးတက်ရေးဆောင်ရွက်မည့်လုပ်ငန်း စက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဆင့် ရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်က အမှာစကားပြော ကြားရာတွင် “အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနဟာ အသေးစားစက်မှုလက်မှု လုပ်ငန်းများထွန်းကားလာစေခြင်းဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေမည်” ဆိုတဲ့ဌာနရဲ့မျှော်မှန်းချက်နှင့်အညီ အသက်မွေးဝမ်းကျောင်းနည်းပညာများသင်ကြားပေးခြင်း၊ ရိုးရာရက်ကန်းနှင့် ယွန်းထည်လုပ်ငန်းအတတ်ပညာဒီပလိုမာအဆင့်သင်ကြာ းပေးခြင်း၊ မြန်မာ့ရိုးရာ လက်မှုလုပ်ငန်းများဖွံ့ဖြိုးရေးဆောင်ရွက်ပေးခြင်း၊ အသေးစားစက်မှုလက်မှုထုတ်ကုန်များ အရည် အသွေးမှန်ကန်မှုနှင့် ဘေးအန္တရာယ်ကင်းရှင်းမှုရှိစေရန် ဓါတ်ခွဲစမ်းသပ်ပေးပြီး အသေးစားစက်မှုလက်မှု လုပ်ငန်းများကို စနစ်တကျမှတ်ပုံတင်ပေးခြင်းစတဲ့ လုပ်ငန်းတာဝန်များကို ဆောင်ရွက်လျက်ရှိတာကို တွေ့ရှိရပါကြောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အနေနဲ့ နည်းပညာသင်တန်းများဖြစ်တဲ့ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း၊ တန်ဖိုးမြှင့်စား သောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း၊ အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းပညာ သင်တန်း၊ အခြေခံအိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်းနည်း ပညာသင်တန်း၊ စက်ချုပ်နည်းပညာသင်တန်း များကို စဉ်ဆက်မပြတ်ဖွင့်လှစ်ပို့ချပေးလျက်ရှိပါကြောင်း၊ သင်တန်းပြီးဆုံးတာနဲ့သင်တန်းမှ ထူးချွန် သင်တန်းသား(၅)ဦးကို သတ်မှတ်ချက်များနှင့်အညီရွေးချယ်ပြီး လုပ်ငန်းထူထောင်နိုင်ဖို့လိုအပ်တဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းတွေကို ပေးအပ်သွားမှာဖြစ်ပါကြောင်း၊ စက်ချုပ် သင်တန်းကို တက်ရောက်ကြတဲ့ သင်တန်းသူအားလုံးနည်းပြများမှ သင်ကြားပို့ချပေးတဲ့စာတွေ့ လက်တွေ့ပညာ ရပ်များကို ကျွမ်းကျင်အောင်စနစ်တကျ မှတ်သားလေ့လာသင်ယူကြဖို့မှာကြားလိုပါကြောင်း၊ မိမိတို့ ကျေးရွာ၊ ရပ်ကွက်၊ ဒေသအတွင်းမှာ တစ်ပိုင်တစ်နိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းများ ပေါ်ထွက် လာပြီး ထိုလုပ်ငန်းများမှ အငယ်စား၊ အလတ်စား စက်မှုလုပ်ငန်းများအထိ တက်လှမ်းနိုင်အောင် ကြိုးစား ကြရန်လိုအပ်ပါကြောင်း၊ သို့မှသာ တိုင်းပြည်ဝင်ငွေတိုးတက်ရရှိပြီး နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေမှာဖြစ်ပါကြောင်းပြောကြားသည်။ ထို့နောက် ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးစိုးနိုင်ထူးက သင်တန်းဖွင့်လှစ်ရခြင်း နှင့်ပတ်သက်၍ ရှင်းလင်ပြောကြားသည်။ ယင်းနောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌနှင့် ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး တို့က သင်တန်းသူများအား သင်တန်းသုံး သင်ထောက်ကူပစ္စည်းများပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် သင်တန်းသုံး သင်ထောက်ကူ ပစ္စည်းများလှည့်လည်ကြည့်ရှုခဲ့ပြီး မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။ အဆိုပါ သင်တန်းကို ဇွန်လ(၃)ရက်နေ့မှ ဇွန်လ (၂၇)ရက်နေ့အထိ စာတွေ့/လက်တွေ့ ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)