နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော မြို့၊ ကျေးရွာနှင့်သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆုတို့အား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားတက်ရောက်

နေပြည်တော်  ဇွန် ၃

နေပြည်တော်အဆင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှု ကောင်းမွန်သော မြို့၊ ကျေးရွာနှင့် သန့်ရှင်း၍ စိမ်းလန်း စိုပြည်သော ကျောင်းဆုတို့အား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက နေပြည်တော်ကောင်စီရုံး၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပရာအခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ခရိုင်/မြို့နယ်ပညာရေးမှူးများ၊ ဆုရကျောင်းများမှ ကျောင်းအုပ်ဆရာ/ဆရာမကြီးများ၊ ဂုဏ်ပြုဆုရရှိသည့် သက်ဆိုင်ရာမြို့၊ ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများ တက်ရောက်သည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းက အမှာစကားပြောကြားရာတွင် ဇွန်လ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနေ့(World Environment Day – 2026 ) ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်ပြီးခဲ့တဲ့ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်းက ယှဉ်ပြိုင်ခဲ့သော နေပြည်တော်အဆင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော ကျေးရွာနဲ့သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းဆု (Clean and Green School Award )တို့အား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည့် အခမ်းအနားဖြစ်ပါကြောင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ကောင်းမွန်သောပတ်ဝန်းကျင်စီမံခန့်ခွဲမှုအလေ့အထများ ကျင့်သုံးဆောင်ရွက်ခြင်းသည် ဒေသအတွင်း မှီတင်းနေထိုင်သူများရဲ့ လူနေမှုဘဝ မြင့်မားရေး၊ ကျန်းမာပျော်ရွှင်သော လူ့ပတ်ဝန်းကျင်ကို ဖန်တီးတည်ဆောက်ရေးအတွက် အရေးကြီးသည့် လုပ်ငန်းတစ်ခုဖြစ်ပါ‌ကြောင်း၊ ပတ်ဝန်းကျင်စီမံ ခန့်ခွဲမှုကောင်းမွန်သော မြို့နှင့်ကျေးရွာများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းသည် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍအား ထည့်သွင်းပေါင်းစပ်ခြင်းပင်ဖြစ်ပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်တရာ အထောက်အကူပြုမှာဖြစ်‌ကြောင်း၊  ထို့အပြင် ပြည်ထောင်စုနယ်မြေအတွင်းမှာရှိသည့် စက်မှု လက်မှု ကဏ္ဍများအနေနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် သတ်မှတ်ပြဋ္ဌာန်းထားသည့် စံနှုန်းများ၊ လမ်းညွှန်ချက်များကို အလေးထားလိုက်နာ ပူးပေါင်းဆောင်ရွက်လာနိုင်မည့် အကျိုးကျေးဇူးများ ရရှိလာစေမှာဖြစ်ကြောင်း၊ နေပြည်တော်အတွင်းရှိ အခြေခံပညာကျောင်းများအား သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းများအဖြစ် ဖွံ့ဖြိုးတိုးတက်ပေါ်ပေါက်လာစေရေးနဲ့ ပတ်ဝန်းကျင်စီမံခန့်ခွဲမှု ကောင်းမွန်သောမြို့၊ ရွာများ ပေါ်ပေါက်လာစေဖို့အတွက် သက်ဆိုင်ရာ ဌာနများအနေနဲ့ လက်တွဲပူးပေါင်းပြီး နှစ်စဉ်အလေးထား ကြိုးပမ်းဆောင်ရွက်သွားကြရမှာ ဖြစ်ကြောင်း၊ ဒါကြောင့် ယနေ့ကျင်းပပြုလုပ်သည့် အခမ်းအနားတွင် ဆုရရှိသူများအနေဖြင့် မိမိတို့၏အောင်မြင်မှုများကို ဆက်လက်တန်ဖိုးထား ထိန်းသိမ်းကြရန် တိုက်တွန်းပါကြောင်းနှင့် ယခုလိုပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အဆင့် ဂုဏ်ပြုဆုများမှသည် နိုင်ငံတော်အဆင့်၊ အာဆီယံအဆင့်အထိဆုများထပ်ဆင့်တက်လှမ်း ဆွတ်ခူးနိုင်ပါစေကြောင်း ပြောကြားသည်။

ထို့နောက် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော မြို့၊ ကျေးရွာဆုနှင့်သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းဆု (Clean and Green School Award) ဆုရကျောင်းများအား နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊  နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ပေးအပ် ချီးမြှင့်ခဲ့သည်။

ယင်းနောက်  ပတ်ဝန်းကျင်စီမံခန့်ခွဲမှု ကောင်းမွန်သောမြို့ (ပထမဆု)၏ ပြိုင်ပွဲဝင်Video Clipနှင့်သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းဆု(Clean and Green School Award) ပထမဆုရရှိခဲ့သည့် အထက်တန်းကျောင်း၏ ပြိုင်ပွဲဝင် Video Clip အား ပြသရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ပြီး အခမ်းအနားအပြီးတွင်  အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရသည်။

အောင်ကို (ပုဗ္ဗသီရိ)