မြစ်သား ဇွန် ၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ ကူမဲမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းဖွင့်ချိန် ကျောင်းသား၊ ကျောင်းသူများအား သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နိုင်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများဆောင်ရွက်ခြင်း၊ Abate ဆေးခပ်ခြင်းနှင့် ကျောင်းမုန့်စျေးဆိုင်များစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခြင်းကို ဇွန် ၂ ရက် နံနက် ၉ နာရီက ဆောင်ရွက်ခဲ့သည်။
မိုးရာသီကာလအတွင်းဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်ရာ၌ ကူမဲမြို့ အခြေခံပညာအထက်တန်းကျောင်းအတွင်းရှိ ရေလှောင်အုတ်ကန်များအတွင်း ပိုးလောက်လမ်းပေါက်ပွားနိုင်သည့်နေရာများအား ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်ခြင်းနှင့် Abate ဆေးခတ်ခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြပြီး ကလေးသူငယ်များကို ရောင်းချနေသည့်အစား အသောက်နှင့်မုန့်များတွင် ဆိုးဆေးသုံးစွဲသည့် မုန့်များ၊ ရက်လွန်မုန့်များ၊ မသန့်ရှင်းသော အစားအသောက်များ ရောင်းချမှုမရှိစေရန် ဆိုင်ရှင်များ အားအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်ခြင်း၊ Abate ဆေးခပ်ခြင်းနှင့် ကျောင်းမုန့်စျေးဆိုင်များ စစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်ရာသို့ ကူမဲမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဇော်နှင့် ဝန်ထမ်းများ၊ ကူမဲတိုက်နယ်ကျန်းမာရေးဌာနမှ ကျန်းမာ ရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများဖြင့် ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဝါဝါမြင့်(မြစ်သား)