တာမွေ ဇွန် ၂
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန လက်အောက်ရှိ နားမကြားသော ကလေးများကျောင်း (ရန်ကုန်) ၌ ယမန်နေ့ နံနက်ပိုင်းအချိန်က ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အကြားအာရုံချို့ယွင်းအားနည်းသည့် ကျောင်းသား/သူလေးများအား ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုကဲ့သို့ အကြားအာရုံချို့ယွင်းအားနည်းသည့် ကျောင်းသား/သူလေးများအား ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်ပေးရာတွင် လာရောက်အပ်နှံကြသည့် ကျောင်းသား/သူများအနေဖြင့် အကြားအာရုံချို့ယွင်းအားနည်းသူ ဖြစ်ရမည်ဖြစ်ပြီး အသက်အားဖြင့် အသက် (၆) နှစ်မှ (၁၈) နှစ်အတွင်းရှိသူဖြစ်ရမည်ဖြစ်ကြောင်း၊ အကြားအာရုံချို့ယွင်းအားနည်းမှုမှလွဲ၍ ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်ဖြစ်ကြောင်း၊ စာပေနှင့် အသက်မွေးဝမ်းကျောင်းပညာများကို သင်ယူလိုစိတ်ရှိသူ ဖြစ်ရမည်ဖြစ်ကြောင်း၊ အိမ်ထောင်မရှိဖူးသူ (လူပျို/အပျို) ဖြစ်ရမည်ဖြစ်ကြောင်း၊ ကျား/မ၊ လူမျိုးနှင့် ကိုးကွယ်ရာဘာသာမရွေး လျှောက်ထားနိုင်သည်ဖြစ်ပြီး ကျောင်းအပ်နှံပါက မိဘ (သို့မဟုတ်) အုပ်ထိန်းသူကိုယ်တိုင် လာရောက်အပ်နှံရမည်ဖြစ်ကြောင်း စသည့်သတ်မှတ်ချက်များနှင့်အညီ ကျောင်းအပ်လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။
ကျောင်းအပ်နှံရာတွင်လည်း မိဘ (သို့မဟုတ်) အုပ်ထိန်းသူများအနေဖြင့် ကလေး၏ ပတ်စ်ပို့ဓာတ်ပုံ (၄) ပုံ ၊ မွေးစာရင်းမူရင်းနှင့် မိတ္တူ၊ မိဘနှစ်ဦးမှတ်ပုံတင်မူရင်းနှင့် မိတ္တူ၊ အိမ်ထောင်စုဇယား မူရင်းနှင့် မိတ္တူ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ရပ်ကွက်တွင်နေထိုင်ကြောင်းထောက်ခံချက်၊ သက်ဆိုင်ရာမြို့နယ်ကျန်းမာရေးဌာန၏ ကူးစက်ရောဂါကင်းရှင်းကြောင်း ထောက်ခံချက်နှင့် အကြားအာရုံချို့ယွင်းမှုတိုင်းတာစစ်ဆေးပြီးသည့် နားကြားနှုန်း (Audiograph dB) စာရွက်စာတမ်းတို့ လိုအပ်မည်ဖြစ်ကြောင်းနှင့် ကျောင်းအပ်နှံမည့်သူများအနေဖြင့် လှူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ နားမကြားသောကလေးများကျောင်း၊ အမှတ်-၃၄၊ F, G၊ အိုးစု (၃) လမ်း၊ မေတ္တာညွန့်ရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့သို့လည်းကောင်း တိုက်ရိုက်ဖြစ်စေ၊ တိုင်းဒေသကြီး/ပြည်နယ်များရှိ လူမှုဝန်ထမ်းရုံးများမှတစ်ဆင့်ဖြစ်စေ စုံစမ်းမေးမြန်းနိုင်ပြီး စာပေပညာနှင့် အသက်မွေးဝမ်းကျောင်းပညာရပ်တက်ရောက်ခွင့်ရရှိပါက သွားလာရေးခက်ခဲသောဒေသများမှ နားမကြားသော ကျောင်းသား/သူများအတွက် စားသောက်နေထိုင်ရေးကို နိုင်ငံတော်က တာဝန်ယူမည်ဖြစ်ပြီး ကျောင်းဝင်ကြေးနှင့် ကျောင်းလခပေးရန်မလိုအပ်ကြောင်း သိရသည်။
အဆိုပါကျောင်းအပ်လက်ခံခြင်းနှင့် ပတ်သက်၍ အသေးစိတ်သိလိုပါက လူမှုဝန်ထမ်းဦးစီးဌာန၊ မသန်စွမ်းသူများ ဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲ၊ ဖုန်းနံပါတ် ၀၆၇-၄၀၄၂၅၂၊ နားမကြားသောကလေးများကျောင်း (ရန်ကုန်) ဖုန်းနံပါတ် ၀၁-၉၅၄၈၈၇၂၊ ၀၉-၂၅၀၀၇၇၂၆၈ တို့ကို (ရုံးချိန်အတွင်း) ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်