တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဇော်နိုင်ဦး တိုင်းရင်းသားရေးရာဆွေးနွေးပွဲ အခမ်းအနားသို့တက်ရောက်

ထားဝယ်  ဇွန် ၂

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသော တိုင်းရင်းသားရေးရာဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပသည်။

အခမ်းအနားသို့ ဆရာတော်သံဃာတော်ကြီးများ၊ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ ဦးဇော်အေးမောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဇော်နိုင်ဦး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးမြတ်ကို၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီး ချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကရင်၊မွန်၊ ထားဝယ်၊ ဆလုံ(မော်ကင်း)စသည့် တိုင်းရင်းသားပေါင်းစုံမှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသားညီအစ်ကို မောင်နှမများတက်ရောက် သည်။

ဦးစွာတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ တိုင်းရင်းသားပေါင်းစုံမှကိုယ်စားလှယ်များ၊ တိုင်းရင်းသားညီအစ်ကို မောင်နှမများက နိုင်ငံတော်အလံအား အလေးပြုခဲ့ကြပြီး တိုင်းရင်းသားအဆိုရှင်များက “We are the world” သီချင်းဖြင့် သီဆိုဖျော်ဖြေသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဇော်နိုင်ဦးက တိုင်းဒေသကြီးတွင် ကရင်၊ မွန်၊ ထားဝယ်၊ ဆလုံ (မော်ကင်း)စသည့်တိုင်းရင်းသားပေါင်းစုံနှင့်အေးအတူပူအမျှ မှီတင်းနေထိုင်လာခဲ့ကြသည်မှာ နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် တိုင်းရင်းသားများ၏စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုတို့ကိုဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်ရေး၊ ချစ်ကြည်လေးစားရေးနှင့် ရိုင်းပင်းကူညီရေး တိုးတက်ဖြစ်ထွန်းစေရန် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဖွံ့ဖြိုးမှုနည်းပါးနေသည့် တိုင်းရင်းသားဒေသအတွင်း ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိရာတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် အထူးအလေးထား အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တိုင်းရင်းသားဒေသအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက်ကြိုးပမ်းဆောင်ရွက်လျက်ရှိ ကြောင်း၊ တိုင်းဒေသကြီးအတွင်း တိုင်းရင်းသားဘာသာစာပေသင် ဆရာ၊ ဆရာမများ ဖြစ်ကြသည့်Teaching Assistant TA နှင့် Language Teacher LT ဆရာ၊ဆရာမ ဦးရေ (၁၁၂)ဦးလည်း တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍  ခန့်ထားပေးခဲ့ပြီးဖြစ်ကြောင်း၊ ဆလုံ(မော်ကင်း) တိုင်းရင်းသားများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရန်အတွက် မကြုံဂလက်ကျွန်းတွင်ရေချိုများရရှိနိုင်ရန်အဝီစိတွင်းများကိုလည်း တူးဖော်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှုနည်းပါးသော တိုင်းရင်းသားများနေထိုင်ရာဒေသများတွင် ပညာရေးတိုးတက်စေရန်အတွက် ကျောင်းဆောင်များပြုပြင်ခြင်း၊ အမိုးမိုးခြင်းလုပ်ငန်းများ ဦးစား ပေးလုပ်ဆောင်ပေးလျက်ရှိကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်း လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အင်တိုက်အားတိုက်ကြိုးပမ်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိမိတို့၏ရပ်ရွာဒေသဖွံ့ဖြိုးတိုးတက်ရန်အတွက် စစ်မှန်သော ပြည်ထောင်စုစိတ်ဓါတ်နှင့် ဒို့တာဝန်အရေး(၃)ပါးကို မထိခိုက်စေဘဲ ငြိမ်းချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ပြည်ထောင်စုတည်ဆောက်ရေး လုပ်ငန်းစဉ်များကို ကျရာအခန်းကဏ္ဍမှ အုတ်တစ်ချပ်၊ သဲတစ်ပွင့်အနေဖြင့် ကြိုးပမ်းဆောင်ရွက်သွားကြရန်၊ တိုင်းဒေသကြီးငြိမ်းချမ်းရေးမှသည် ပြည်ထောင်စုဖွံ့ဖြိုးတိုးတက်စေဖို့တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံး အတူတကွ လက်တွဲလျှောက်လှမ်းကြရန်လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် ကရင်တိုင်းရင်းသူအဆိုရှင်နော်အေး၀န်းကျော်က“မလိုချင်ဘူး” သီချင်းဖြင့်သီဆို ဖျော်ဖြေပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ကရင်တိုင်းရင်းသားရေးရာဝန်ကြီးဦးစောမာတင်လူသာက အခမ်းအနားကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကာ ထားဝယ်တိုင်းရင်းသား အဆိုရှင်ကို မိုးကောင်းလွင်က“စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ်” သီချင်းဖြင့်သီဆိုဖျော်ဖြေပြီး ဆရာတော် သံဃာတော်ကြီးများ၊ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ်နှင့်ဖိတ်ကြားထားသောဧည့်သည်တော်များ၊ တိုင်းရင်းသားကိုယ်စားလှယ်များက စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးသည်။

ဆက်လက်၍  ပြည်ထောင်စုအတိုင်ပင်ခံကောင်စီအဖွဲ့ဝင် ဦးဇော်အေးမောင်က တိုင်းရင်းသားများ၏ အခွင့်အရေးများ အကြောင်းနှင့်တိုင်းရင်းသားများ၏စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဖွံ့ဖြိုးမှုနည်းပါး သောတိုင်းရင်းသားများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး အတွက်ကူညီဆောင်ရွက်ရမည်ဖြစ်ကြောင်းဆွေးနွေးပြောကြားပြီး ဒေါက်တာဆလိုင်း အင်ဒရူးငွန်ကျုံးလျန်က ငြိမ်းချမ်းရေးစတင်ဖြစ်ပေါ်လာပုံအကြောင်း၊ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးသည် အရေးကြီးကြောင်းတို့အား ရှင်းလင်းဆွေးနွေးပြောကြားသည်။

ဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေး စတင်ဖြစ်ပေါ်လာပုံအကြောင်း၊ တိုင်းရင်းသားများ၏ အခွင့်အရေးများအကြောင်း၊ မြန်မာ့နိုင်ငံရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်အကြောင်း၊ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တိုင်းရင်းသားအခွင့်အရေးများအကြောင်း၊ ဒေသအတွင်း ပဋိပက္ခချုပ်ငြိမ်းရေးတွင် တိုင်းရင်းသားများအားလုံး၏ ပါဝင်မှုအခန်းကဏ္ဍ၊ တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် အခွင့် အရေးများ၊ တိုင်းရင်းသားလူငယ်များ၏ ဦးဆောင်မှုအခန်းကဏ္ဍကို မြှင့်တင်ပေးခြင်း၊ တိုင်းရင်းသားပေါင်းစုံယှဉ်တွဲနေထိုင်ရေးအတွက် ရိုးရာယဉ်ကျေးမှုများဖော်ထုတ်ပြသခြင်း အကြောင်းစသည်တို့ကို ဇွန်လ ၃ ရက်နေ့အထိ အပြန်အလှန်နှီးနှောဖလှယ်၍ ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)