လိပ်သို ဇွန် ၂
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်အတွက် လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေး လုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို မြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဉီးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က အသိပညာပေးဟောပြောပွဲ ပြုလုပ်ရခြင်းရည်ရွယ်ချက်များ၊ အသိဉာဏ်ပညာသည် အရာရာကို ဉီးဆောင်သောကြောင့် အသိပညာအတတ်ပညာဖွံ့ဖြိုးတိုးတက်ဖို့၊ ဉာဏ်အမြော် အမြင် မြင့်မားဖို့၊ စဉ်းစားဆင်ခြင်ဉာဏ် ရင့်သန်ဖို့၊ စာနာနားလည်ဉာဏ် ပေါက်ရောက်ဖို့၊ ရဲရင့်ဆုံး ဖြတ်ဉာဏ် မှန်ကန်ဖို့အတွက် မိမိကိုယ်ကို လေ့ကျင့်ပျိုးထောင်ရာတွင် စာဖတ်ခြင်းသည် အကောင်းဆုံးနည်းပင်ဖြစ်ကြောင်း စာဖတ်ရှိန်မြှင့်တင်ရေးနှင့်စပ်လျဉ်း၍ အသိပညာပေး ပြောကြားခဲ့သည်။
ဟောပြောပွဲအပြီးတွင် “အသိပညာဗဟုသုတကြွယ်၀ဖို့ စာအုပ်စာပေဖတ်ကြစို့” အသိပညာပေး နံရံကပ်စာစောင်အား ပြသခဲ့ရာ ဒေသနေပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုမှတ်သား၍ သိရှိလိုသည်များအား မေးမြန်းခဲ့ကြောင်း သိရသည်။
နော်ဖလောရင်း