ဒေါပုံမြို့နယ်ဂီတအစည်းအရုံး (၁၄) ကြိမ်မြောက် အဆိုပြိုင်ပွဲအတွက် အဆိုရှင်များရွေးချယ်

ဒေါပုံ ‌ဇွန် ၂

(၁၄) ကြိမ်မြောက် မြန်မာနိုင်ငံဂီတနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို) မှ ကြီးမှူးကျင်းပသော သီချင်းဆိုပြိုင်ပွဲအတွက် ဒေါပုံမြို့နယ်ကိုယ်စားပြု ပြိုင်ပွဲဝင်အဆိုရှင်များရွေးချယ်ပွဲကို ယမန်နေ့နံနက် (၉) နာရီအချိန်က ဒေါပုံမြိုနယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဋ္ဌာန လူထုအခြေပြုဗဟိုဌာန၌ကျင်းပရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသက်နိုင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင် ဦးဝေဇင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ မိတ်ဖက်ဂီတအစည်းအရုံးဝင်များနှင့် ပြိုင်ပွဲဝင် အဆိုရှင်များတက်ရောက်ခဲ့ကြသည်။

အဆိုပါ ဒေါပုံမြိုနယ်ကိုယ်စားပြု အဆိုရှင်များ ရွေးချယ်ပွဲတွင် အမှတ်ပေးအကဲဖြတ်ဒိုင်များအဖြစ် ဒေါပုံမြို့နယ် ဂီတအစည်းအရုံးဥက္ကဋ္ဌ ဦးရစ်ချက်၊ ဒုတိယဥက္ကဋ္ဌ တယော ကိုအောင်မိုး (ရွှေနဂါး)၊ အတွင်းရေးမှူး အေးအေးကျော်မင်း (အောင်နမိတ်ပန်း)၊ စာရေးဆရာမ တေးသံရှင် မေအောင်လင်းနှင့် ဦးစောဝင်း ( မဟာဂီတ) တို့ဆောင်ရွက်ခဲ့ကြသည်။

ဦးစွာ ဒေါပုံမြိုနယ် ဂီတအစည်းအရုံးဥက္ကဋ္ဌ ဦးရစ်ချက်က အဖွင့်အမှာစကားပြောကြားပြီး အတွင်းရေးမှူး အေးအေးကျော်မင်း (အောင်နမိတ်ပန်း) က ပြိုင်ပွဲစည်းမျဥ်း၊ စည်းကမ်းများ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် နိုင်ငံတော်ရွှေတံဆိပ်ဆုများရှင် စောင်းမောင်ဟိန်းထက်အောင်၊ တောက်ပသောကြယ်ပွင့်လေး KB လင်းသူရိန်မောင်၊ ရွှေတံဆိပ်ဆုများရှင် အေးအေးကျော်မင်း (အောင်နမိတ်ပန်း) တို့က ရတနာပုံသီချင်းသီချင်းဖြင့် ပြိုင်ပွဲကိုဖွင့်လှစ်ပေးခဲ့သည်။

မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို) မှ ကြီးမှူး၍ (၁၄) ကြိမ်မြောက် မြန်မာနိုင်ငံဂီတနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့်ပြုလုပ်သော အဆိုပြိုင်ပွဲတွင် ခေတ်ပေါ်တေး၊ ကာလပေါ်တေး၊ ပြန်ဆိုတေးနှင့် ခေတ်ပေါ်စတီရီယိုတေးတို့ကို ဒေါပုံမြိုနယ်ကိုယ်စားပြု အဆိုရှင် (၁၈) ဦးတို့က အဆင့်ဆင့်ဝင်ရောက်သီဆိုယှဥ်ပြိုင်ခဲ့ကြသည်။ ထို့နောက် အမှတ်ပေးအကဲဖြတ်ဒိုင်များက မေသျှား၊ အောင်မျိုးသက်၊ ကြေးမုံ၊ ဇွဲနောင်ထူး၊ အိမွန်ရတနာတို့ကို ဒေါပုံမြိုနယ်ကိုယ်စားပြု အဆိုရှင်များအဖြစ် ရွေးချယ်ခဲ့ကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အထူးဂုဏ်ပြုတံဆိပ်များကိုလည်းကောင်း၊ ဆန်ကာတင်အဆင့်ဝင်ခဲ့ကြသူများကို မှတ်တမ်းတံဆိပ်များကိုလည်းကောင်း တာဝန်ရှိသူများက အသီးသီးပေးအပ်ချီးမြှင့်ခဲကြပြီးနောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြသည်။

ချစ်စုဝေ(ပြန်/ဆက်)