Grand Hlaing Thar Yar (Premiun) အိမ်ရာ ပန္နက်တင် မင်္ဂလာအခမ်းအနားကျင်းပ

ရန်ကုန် ဇွန် ၂

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် Myanmar Art Construction And Development Co.,Ltd တို့ ပူးပေါင်းဆောင်ရွက်သည့် Grand Hlaing Thar Yar(Premiun) အိမ်ရာ ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ အဆိုပါအိမ်ရာဝင်းတွင် ကျင်းပရာ ဆရာတော်၊ သံဃာတော်များ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ Grand Hlaing Thar Yar(Premiun) အိမ်ရာမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ အခမ်းအနားအား နုမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်သည်။ ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ အဘိဓဇမဟာရဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ သန်လျင်မင်းကျောင်း ပထမပြန်ပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။

ယင်းနောက် ဥပါသကာများက မင်္ဂလာပန္နက်နှင့် လက်ရိုက်တော် ပရိတ်‌ရေ၊ ပရိတ်သဲ၊ ပရိတ်ချည်၊ ပရိတ်ပန်းများအား ဆရာတော်ကြီးများထံ ဆက်ကပ်ပြီး ဆရာတော်သံဃာတော်အရှင်သူမြတ်ကြီးများ ရွတ်ပွားသရဇ္ဇျာယ်အပ်သော ပရိတ်တရားတော်များ နာယူကြသည်။

၎င်းနောက် ဥပါသကာများက ပရိတ်ရေ၊ ပရိတ်သဲ၊ ပရိတ်ပန်း၊ ပရိတ်ချည်များကို အဆောက်အဦဆောက်လုပ်မည့် မြေနေရာများသို့ သယ်ဆောင်၍ သတ်မှတ်နေရာများတွင် ပတ်ဖျန်းချည်နှောင်ကြသည်။

ထို့နောက် ဆရာတော် သံဃာတော်အရှင်သူမြတ်ကြီးတို့အား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ အဘိဓဇမဟာရဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ သန်လျင်မင်းကျောင်း ပထမပြန်ပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသထံမှ အနုမောဒနာတရားချီးမြှင့်၍ ရေစက်သွန်းလောင်း အမျှပေးဝေကြပြီး အခမ်းအနားအား ဗုဒ္ဓသာသနံ စိရံတိဌတုသုံးကြိမ် ရွတ်ဆိုဆုတောင်းကြသည်။

၎င်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် တာဝန်ရှိသူများက သတ်မှတ်နေရာများတွင် တစ်ပြိုင်တည်းပန္နက်တော်ကို (၉) ချက်တင်၍ အမွှေးနံ့သာရေများဖြင့် ပတ်ဖျန်းကြကြောင်း သိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)