သင်္ဃန်းကျွန်း ဇွန် ၂
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင် သင်္ဃန်းကျွန်းမြို့နယ် (ဆ/က) ရပ်ကွက် ဆုတောင်းပြည့်ကျိုက္ကစံ ဆံတော်ရှင်စေတီ ရွှေသင်္ကန်းကပ်လှူပူဇော်ပွဲ အောင်မြင်ခြင်းနှင့် ငြမ်းတော်သိမ်းခြင်း မင်္ဂလာအခမ်းအနားအား ယနေ့နံနက် ၈ နာရီတွင် ကျိုက္ကစံစေတီတော် အထွဋ်နေရာ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်နှင့် အဖွဲ့ဝင်များ၊ ဧည့်ပရိသတ်များက နမောတဿ(၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့ခြင်း၊ မြတ်ဗုဒ္ဓအား ပင့်ဆောင်ခြင်း၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့အား အမွှေးနံ့သာများဖြင့် ရောင်တော်ဖွင့်ခြင်း၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ အောင်ပွဲများ ဆက်ကပ်လှူဒါန်းခြင်း၊ ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃာဂုဏ်တော်၊ ပဋ္ဌာန်း (၂၄)ပစ္စည်း၊ စိန္တာမဏိ(၃) ဂါထာ၊ ဘဝတုသဗ္ဗမင်္ဂလာ(၃)ဂါထာ၊ အောင်ဂါထာရွတ်ဆိုပူဇော်ခြင်း၊ မင်္ဂလာစာတမ်းဖတ်ကြားခြင်း၊ မေတ္တာပို့ အမျှပေးဝေခြင်း၊ ဇိတံ မေ အောင်ပြီ(၁၀)ကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်၊ သင်္ဃန်းကျွန်းခရိုင် အုပ်ချုပ်ရေးမှူး ဦးဇော်မိုးထိုက်၊ သင်္ဃန်းကျွန်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုး၊ စေတီတော် ဂေါပကအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇော်မိုး (သင်္ဃန်းကျွန်း)