တာမွေ ဇွန် ၂
"ပညာရေးဖြင့် ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်အံ့" ဆိုသည့် ဆောင်ပုဒ်နှင့်အညီ စည်းကမ်းပြည့်ဝပြီး ခေတ်မှီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကြီးကို တည်ဆောက်တဲ့နေရာမှာ ပညာရေးရဲ့ အခန်းကဏ္ဍဟာ များစွာအရေးကြီးတဲ့အတွက် ပညာရေးဝန်ကြီးဌာနမှ "ဘာသာရေး၊ လူမျိုးရေး၊ ကျား/ မ ဆင်းရဲချမ်းသာ၊ မသန်စွမ်းနှင့် နိုင်ငံသားဖြစ်မှုဆိုင်ရာတို့ကို ခွဲခြားမှုမရှိဘဲ ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိစေရန်" ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်မှစတင်၍ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အပါအဝင် နိုင်ငံတစ်ဝှမ်းလုံးရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများအား ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်အတွက် တစ်ပြိုင်နက်တည်း ဖွင့်လှစ်ပညာသင်ကြားပေးလျက်ရှိရာ တာမွေမြို့နယ်အတွင်းရှိ အခြေခံပညာအဆင့် ကျောင်းသား/ ကျောင်းသူ တစ်သောင်းကျော် အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
အဆိုပါ တာမွေမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား/ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုအခြေအနေများအား တာမွေမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမှတ် (၂) ဦးဉာဏ်ထက်ခိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ဝင်းနှင့် အဖွဲ့ဝင်များ၊ ပညာရေးဌာနမှ တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းကူညီဆောင်ရွက်ပေးခဲ့ကြသည်။
“ကျွန်တော်တို့အနေနဲ့ မြို့နယ်တွင်းရှိ အခြေခံပညာကျောင်းများအား ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင်တွေ၊ သက်ဆိုင်ရာဌာနဆိုင်ရာတွေ၊ လူမှုရေးအသင်းအဖွဲ့တွေနဲ့ ပူးပေါင်းပြီး ကျောင်းတွေမှာ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ခြင်ဆေးမှုတ်တာတို့၊ အဘိတ်ဆေးခတ်တာတို့၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေး စသည်ဖြင့် ကျောင်းသား/ သူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးတို့အတွက်ကို ဆောင်ရွက်တာတွေရှိပါတယ်” ဟု တာမွေမြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း (၇) ကျောင်း၊ အလယ်တန်းကျောင်း (၄) ကျောင်း၊ မူလတန်းကျောင်း (၂၃) ကျောင်း၊ ကိုယ်ပိုင်ကျောင်း (၁၃) ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၂) ကျောင်းရှိပြီး ၂၀၂၆ ခုနှစ် ဇွန်လ (၁) ရက်နေ့ ကျောင်းစတင်ဖွင့်လှစ်သည့်နေ့တွင် စုစုပေါင်း မြို့နယ်အတွင်းရှိ အခြေခံပညာအဆင့် ကျောင်းသား/ သူ (၁၀၀၈၄) ဦး အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
နိုင်လင်းအောင် (ပြန်/ဆက်)