တံတား ဇွန် ၂
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ယနေ့နံနက် (၉) နာရီအချိန်က တောင်သူနည်းပညာပေးဆွေးနွေးပွဲကို ကျင်းပခဲ့သည်။
ရှေးဦးစွာ တံတားမြို့အထွေထွေအုပ်ချုပ်ရေးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးရန်အောင်မျိုးထက်က အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် သန်လျင်ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဦးဝင်းသန်းက တောင်သူများမိုးစပါးပန်းတိုင် အထွက်နှုန်းရရှိအောင် မျိုးကောင်းမျိုးသန့်များ၊ ဒေသနှင့်ကိုက်ညီသည့်မျိုးများကို ရွေးချယ်စိုက်ပျိုးကြစေလိုကြောင်း ပြောကြားခဲ့သည်။ ထို့နောက် လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်နိုင်၊ မြေအသုံးချရေးတာဝန်ခံ ဒေါ်ဆွေဆွေမြင့်နှင့် မြို့စိုက်ပျိုးရေးစီးဌာန ဦးစီးအရာရှိဦးဝင်းထွန်းတို့က မြေဆီလွှာဆုံးရှုံးမှုဖြစ်ရခြင်းအကြောင်းနှင့် မြေဆီလွှာဖွံဖြိုးတိုးတက်ရေးအတွက် မြေဆီလွှာများပြုပြင်ရန်လိုအပ်သည်များကို တောင်သူများနှင့် ဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ မျိုးစေ့တာဝန်ခံ ဒေါ်တင်တင်ဝင်းက အထွက်နှုန်းကောင်းမျိုးသန့်များ သုံးစွဲပြီးမျိုးစေ့ထုတ်စိုက်ခင်းများ စိုက်ပျိုးကာ အထွက်နှုန်းပိုမိုကောင်းမွန်တိုးတက်စေရန် လိုအပ်သည်များနှင့် သဘာဝမြေဩဇာစူပါဘိုကာရှီမြေဆွေးပြုလုပ် သုံးစွဲနည်းများကို ပြောကြားခဲ့ကြောင်း သိရသည်။
လှိုင်သူဇာ(ပြန်/ဆက်)