သာကေတမြို့နယ် (၁၄) ကြိမ်မြောက် အဆိုပြိုင်ပွဲအတွက် ဂီတအစည်းအရုံး အဆိုရှင်များရွေးချယ်

သာကေတ ဇွန် ၂

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၌ ၁၄ ကြိမ်မြောက် မြန်မာနိုင်ငံဂီတနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို) မှ ကြီးမှူးကျင်းပသော သီချင်းဆိုပြိုင်ပွဲအတွက် သာကေတမြို့နယ် ကိုယ်စားပြု ပြိုင်ပွဲဝင်အဆိုရှင်များ ရွေးချယ်ပွဲနောက်ဆုံးအဆင့်ကို မေ ၃၁ ရက်နေ့ မွန်းတည့် ၁၂ နာရီက သာကေတမြို့နယ် ရှုခင်းသာရပ်ကွက်၊ ရှုခင်းသာမြို့ပတ်လမ်းမကြီး YBS ၈၄ ဂိတ်အနီးရှိ အောင်သုခကျောင်းတိုက်၌ ပြုလုပ်ရာ မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို) နာယက နိုင်ငံကျော်တေးသံရှင် တင်ဦးလေး၊ မြန်မာနိုင်ငံဂီတအစည်းအရုံး ရန်ကုန်တိုင်းဒေသကြီးဥက္ကဋ္ဌ တေးသံရှင်ကိုလတ်နှင့် သာကေတမြို့နယ် ဂီတအစည်းအရုံးဥက္ကဋ္ဌ ဟန်သိန်း (မြန်မာစာ) တို့က အမှတ်ပေးအကဲဖြတ်ဒိုင်များအဖြစ် ဆောင်ရွက်ခဲ့ကြသည်။

ပြိုင်ပွဲတွင် သာကေတမြို့နယ် ဂီတအစည်းအရုံး တွဲဖက်အတွင်းရေးမှူး ကောင်းမြင့်အောင်နှင့် အမှုဆောင်ချမ်းမြေ့တို့က ပြိုင်ပွဲစည်းကမ်းချက်များ၊ အမှတ်ပေးအချက်အလက်များကို ပြောကြားသည်။ အဆိုရှင်ရွေးချယ်ပွဲ နောက်ဆုံးအဆင့်၌ ပြိုင်ပွဲဝင် ၁၀ ဦး သီဆိုယှဥ်ပြိုင်ကြရာ သာကေတမြို့နယ်ကိုယ်စားပြု အဆိုရှင်များအဖြစ် ယွန်းဝတီ၊ မေသက်ခိုင်၊ သူသူ၊ ယဥ်မေထွန်းလွင်နိုင်၊ ဖွေးဖွေးတို့ကို ရွေးချယ်ခဲ့ကြပြီး မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို) နာယက နိုင်ငံကျော်တေးသံရှင် တင်ဦးလေး၊ ရန်ကုန်တိုင်းဒေသကြီး ဂီတအစည်းအရုံးဥက္ကဋ္ဌ တေးသံရှင်ကိုလတ်၊ သာကေတမြို့နယ် ဂီတအစည်းအရုံးဥက္ကဋ္ဌ ဟန်သိန်း (မြန်မာစာ)၊ ဒုတိယဥက္ကဋ္ဌ တေးသံရှင်လွှမ်းအောင်၊ နာယက ကျောက်ပန်းတောင်း ဝင်းမောင်တို့က ဂုဏ်ပြုငွေတစ်သိန်းကျပ်စီနှင့် ဂုဏ်ပြုတံဆိပ်တို့ကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယင်းနောက် အမှတ်ပေး၊ အကဲဖြတ်ဒိုင်များက အမှတ်ပေးရွေးချယ်ရခြင်း အကြောင်းအရာများကို ရှင်းပြပြီး မုဒိတာစကားများ ပြောကြားခဲ့ကြသည်။ ဆက်လက်၍ ဝတ်ရည်သင်း၊ မျိုးထွန်းကျော်၊ စိုင်းစံလှ၊ စန္ဒယားဇာနည်နှင့် ဂျူနီယာတို့ကို ရန်ကုန်တိုင်းဒေသကြီး ဂီတအစည်းအရုံး အထွေထွေအတွင်းရေးမှူး ဆန်းဒေးကိုကို၊ သာကေတမြို့နယ် ဂီတအစည်းအရုံးအတွင်းရေးမှူး မို့မို့ကျော်လွင်၊ တွဲဖက်အတွင်းရေးမှူး ကောင်းမြင့်အောင်၊ ဘုန်းသစ်ခန့်နှင့် ချမ်းမြေ့တို့က အမှတ်တရဆုတံဆိပ်များ ပေးအပ်ခဲ့ကြသည်။

အဆိုပါ အဆိုပြိုင်ပွဲတွင် ခေတ်ပေါ်တေး၊ ကာလပေါ်တေး၊ ပြန်ဆိုတေးနှင့် ခေတ်ပေါ်စတီရီယိုတေးသီချင်းများဖြင့် သီဆိုယှဥ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

သဲထက်ဇင် (ပြန်/ဆက်)