ရန်ကုန် ဇွန် ၂
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်တို့ပူးပေါင်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ (၁) နာရီချိန်တွင် ရန်ကုန်မြို့၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူက အဖွင့်အမှာစကားပြောကြားရာ၌ အသိပညာပေးဆွေးနွေးခြင်း အခမ်းအနားများ လက်ခံကျင်းပခြင်းအားဖြင့် အဂတိလိုက်စားမှု၏ ဆိုးကျိုးသက်ရောက်မှုများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ပြစ်မှု၊ ပြစ်ဒဏ်များကို သိရှိနားလည်ပြီး အဂတိလိုက်စားမှုကြောင့် ဖြစ်ပေါ်စေနိုင်သော အကြောင်းအရာများကို ရှောင်ကြဉ်စေနိုင်မည်ဖြစ်ကြောင်း၊ အဂတိလိုက်စားမှုများကြောင့် လူတစ်ဦးချင်းစီ၏ အကျင့်စာရိတ္တများ ပျက်စီးစေနိုင်ကြောင်း၊ အဂတိလိုက်စားမှုများကို ကျူးလွန်ပါက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် အရးယူခံရမည့်အပြင် မိမိ၏ ပတ်ဝန်းကျင်အသိုင်းအဝိုင်းတွင်လည်း ဂုဏ်သိက္ခာထိခိုက်ကျဆင်းစေနိုင်သည့်အတွက် သိရှိရှောင်ကြဉ်ကြရန်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များတွင်လည်း မိမိကိုယ်တိုင် ပါဝင်ကြရန်လိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းက အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးရာ၌ ကောင်းမွန်သည့်အုပ်ချုပ်ရေးကိုပုံဖော်ရာတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးမှာ အလွန်အရေးပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများနှင့် အဖွဲ့အစည်းများအတွင်း ကျင့်ဝတ်သိက္ခာစောင့်ထိန်းမှုနှင့် အများပြည်သူ၏ ယုံကြည်မှုကို တည်ဆောက်ရန် အရေးကြီးပါကြောင်း၊ ဝန်ထမ်းများသည် နိုင်ငံတော်နှင့် ပြည်သူများအကြား ဆက်သွယ်ပေးသည့် ပေါင်းကူးတံတားများဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အဂတိတရားများကင်းရှင်းပြီး စည်းမျဉ်း၊ စည်းကမ်း၊ ကျင့်ဝတ်များကို လိုက်နာဆောင်ရွက်ကြမှသာ ပြည်သူများ၏ ယုံကြည်မှုကိုရရှိပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ထိရောက်စွာ ဆောင်ရွက် နိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ဆွေးနွေးပွဲတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူး ဒေါ်နန်းရတနာထွန်းက အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့် စပ်လျဉ်း၍လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထက်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့်စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းဆွေးနွေးဟောပြောခဲ့ပြီး တက်ရောက်လာသူများက အဂတိလိုက်စားမှုနှင့် ပတ်သက်၍ သိရှိလိုသည့်အချက်များကိုမေးမြန်းရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့သည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ စုစုပေါင်း (၂၀၈) ဦး တက်ရောက်ခဲ့ကြသည်။
၎င်းနောက် ကော်မရှင်အဖွဲ့ဝင် ဦးဝင်းဇော်မိုးခေါင်းဆောင်၍ ရန်ကုန်တိုင်းဒေကြီးအစိုးရအဖွဲ့၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit – CPU) များနှင့် တွေ့ဆုံပြီး အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အတွေ့အကြုံများ၊ အားသာချက်၊ အားနည်းချက်များ၊ သုံးသပ်တင်ပြချက်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)