ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၌ မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်ပြိုင်ပွဲတွင် တိုင်းဒေသကြီးကိုယ်စားပြု တတိယဆုရ ကျောင်းသူ မမြဖူးငုံနှင့် ဘွဲ့ရဆရာမများနှင့် ကျောင်းသား/ သူများအား ချီးကျူးဂုဏ်ပြုပွဲ မဟာမင်္ဂလာအခမ်းအနားကျင်းပ

ဒဂုံဆိပ်ကမ်း ဇွန် ၂

လူငယ်လူရွယ်များနှင့် ဗုဒ္ဓဘာသာဝင်များ ဗုဒ္ဓဝင်သမိုင်းကြောင်းများကို စနစ်တကျ လေ့လာမှတ်သားမိစေရန်နှင့် သာသနာတော်ကို ပိုမိုမြတ်နိုးတန်ဖိုးထားတတ်စေရန် ရည်ရွယ်၍ တေရသမအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင် ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲတွင် ဝင်ရောက်ဖြေဆို၍ တိုင်းဒေသကြီးကိုယ်စားပြု တတိယဆုရရှိခဲ့သော ကျောင်းသူ မမြဖူးငုံနှင့် ဗုဒ္ဓဝံသဝိသာရဒ ဘွဲ့ရ (၁၂) ဦးနှင့် ဗုဒ္ဓဝံသဒီပလိုမာဘွဲ့ရ ဆရာမ (၆) ဦးတို့အား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို မေ ၃၁ ရက်နေ့ ၂ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ အမှတ် (၈၈) ရပ်ကွက်၊ အင်ကြင်းလမ်းရှိ ဓမ္မဇောတိကျောင်းတိုက်တွင် ကျင်းပသည်။

ဦးစွာအခမ်းအနားအား နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့ပြီး ဓမ္မမဟီဆရာတော်မှ ငါးပါးသီလပေး၍ ဩဝါဒကထာမိန့်ကြားခဲ့သည်။ ထို့နောက် တေးသံရှင် ချောသစ္စာဝေမှ အောင်ပန်းစေလွင် သမိုင်းတွင် ရှစ်ဆယ်ပေါ်တေးထပ်ဖြင့် ချီးကျူးဂုဏ်ပြုခဲ့သည်။ ဆက်လက်၍ တေရသမအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင် ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲတွင် ဝင်ရောက်ဖြေဆို၍ တိုင်းဒေသကြီးကိုယ်စားပြု တတိယဆုရှင် မမြဖူးငုံနှင့် ဗုဒ္ဓဝံသဝိသာရဒ ဘွဲ့ရ (၁၂) ဦးနှင့် ဗုဒ္ဓဝံသဒီပလိုမာဘွဲ့ရ ဆရာမ (၆) ဦးတို့အား စေတနာရှင် ကုသိုလ်အလှူရှင်များက ဂုဏ်ပြုဆုငွေနှင့် ပန်းစည်းများအား အသီးသီးပေးအပ်ခဲ့ကြပြီး ဓမ္မဇောတ ဓမ္မစကူးလ်ဆရာတော်မှ ကျေးဇူးတင်ဝမ်းမြောက်စကားပြောကြားခဲ့သည်။ ထို့နောက် ဗုဒ္ဓသာသနံ စီရံတိဌတု သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားအား ရုတ်သိမ်းခဲ့သည်။

ချီးကျူးဂုဏ်ပြုပွဲ မဟာမင်္ဂလာအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပညာရေးမိသားစု ဆရာ/ မများ၊ စေတနာရှင် အလှူရှင်များနှင့် ရပ်ကွက်သူ/ သားများ၊ ဓမ္မစကူးလ် ကျောင်းသား/ သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဖြိုးစန္ဒာ (ဆိပ်ကမ်း)