မတ္တရာ ဇွန် ၂
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲ ၂ နာရီက မတ္တရာမြို့နယ်ရှိ ရေနံ့သာငါးလုပ်ငန်းစခန်းနှင့် စိုက်ပျိုးရေးဦးစီးဌာန မြို့မစိုက်ပျိုးရေးပညာပေးစခန်း၌ တောင်သူများနှင့်တွေ့ဆုံကာ စိုက်ပျိုးရေးကဏ္ဍ ပြန်လည်ထူထောင်ရေးအတွက် သွင်းအားစုများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်သည် ရေနံ့သာငါးလုပ်ငန်းစခန်း ပြန်လည် လည်ပတ်နိုင်ရေးအတွက် သွားရောက်စစ်ဆေးခဲ့ရာ ငါးလုပ်ငန်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးထွန်းထွန်းနိုင်မှ ငါးလုပ်ငန်းစခန်း၏ ယခင်ကာလ ငါးသားဖောက်များ ထုတ်လုပ်နိုင်မှုအခြေအနေနှင့် ဆက်လက်လုပ်ဆောင်မည့်လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးလှမျိုးမှ ရေနံ့သာငါးလုပ်ငန်းစခန်း၏ ပျက်စီးဆုံးရှုံးခဲ့မှုအခြေအနေများကို တင်ပြရှင်းလင်းခဲ့ရာ ဝန်ကြီးချုပ်မှ တင်ပြချက်များအပေါ် ပေါင်စပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ငါးလုပ်ငန်းစခန်းအတွင်း ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စိုက်ပျိုးရေးဦးစီးဌာန မြို့မစိုက်ပျိုးရေးပညာပေးစခန်း၌ တောင်သူများနှင့် တွေ့ဆုံကာ စိုက်ပျိုးရေးကဏ္ဍပြန်လည်ထူထောင်ရေးအတွက် ဆောင်ရွက်ပေးနေမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တိုင်းအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများသူ ဌာနအလိုက် လုပ်ငန်းဆောင်ရွက်ပေးနေမှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့ကြပြီး တက်ရောက်လာသော တောင်သူများမှ လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ရာ ဝန်ကြီးချုပ်မှ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် စိုက်ပျိုးရေးကဏ္ဍပြန်လည်ထူထောင်ရေးအတွက် သွင်းအားစုများကို တောင်သူများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ရွှေရာသား