မြစ်ကြီးနား မေ ၃၁
ကချင်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့က ဦးဆောင်၍ သားအိမ်ခေါင်းကင်ဆာအကြောင်း သိကောင်းစရာ၊ လူကုန်ကူးမှုအကြောင်း သိကောင်းစရာများနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကာကွယ်ဆိုင်ရာတို့ကို အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မြစ်ကြီးနားမြို့၊ ခေမာသီရီရပ်ကွက်ရှိ ရှမ်းမျိုးနွယ်စုများဓမ္မာရုံး၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
အဆိုပါ ဟောပြောပွဲသို့ ကချင်ပြည်နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်နန်ဆိုင်းက ဒေသတွင်းရှိ မိခင်နှင့်မွေးကင်းစကလေးများ၊ လူငယ်/လူရွယ်များ၏ ဘဝသက်တမ်းတစ်လျှောက် ကျန်းမာရေးကောင်းမွန်သော လူမှုဘဝများ ပိုင်ဆိုင်ရှိစေရေး၊ အထူးသဖြင့် အမျိုးသမီးများ လူကုန်ကူးခံရမှုနှင့် အကြမ်းဖက်မှုမှ တာဆီးကာကွယ်ရေးတို့အတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပူးပေါင်းကူညီဆောင်ရွက်ပေးနေမှုများကို ရှင်းလင်းပြောကြားကာ နန်းယိင်းတိုင်း ရှမ်းအမျိုးသမီးအသင်းအတွက် ငွေကျပ် (၁၀)သိန်း လှူဒါန်းပေးအပ်ခဲ့သည်။
ထို့နောက် ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒေါက်တာ ဖြူဖြူသန့်က သားအိမ်ခေါင်းကင်ဆာအကြောင်း သိကောင်းစရာများကိုလည်းကောင်း၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးလုပ်ငန်းအဖွဲ့ခေါင်းဆောင် ဒေါ်မြင့်မိုရ်ဝင်းက လူကုန်ကူးမှုတားဆီးကာကွယ်ရေးအကြောင်းသိကောင်းစရာများကို လည်းကောင်း၊ အမျိုးသမီးငယ်ရွယ်လုပ်ငန်း အဖွဲ့ခေါင်းဆောင် ဒေါ်ယဉ်ယဉ်လှိုင်က အမျိုးသမီးများ အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေးနှင့် ဥပဒေ/နည်းဥပဒေများအကြောင်း သိကောင်းစရာများကို လည်းကောင်း တက်ရောက်လာကြသည့် ရှမ်းမျိုးနွယ်စုများအား အသိပညာပေးဆွေးနွေးဟောပြောပေးခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)