မန္တလေးခရိုင်၊ လူထုအခြေပြုဗဟိုဌာန၌ Special Hitting (အထူးဟစ်တိုင် သတင်းအေဂျင်စီ) SH သတင်းဌာနမှ မီဒီယာဥပဒေနှင့်အညီ သတင်းရေးသားခြင်းဆိုင်ရာသင်တန်း ဖွင့်လှစ်ပို့ချ

မန္တလေး မေ ၃၁

မန္တလေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မန္တလေးခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီက Special Hitting (အထူးဟစ်တိုင် သတင်းအေဂျင်စီ) SH သတင်းဌာနမှ အဖွဲ့ဝင်သတင်းထောက်များကို မီဒီယာဥပဒေနှင့်အညီ သတင်းရေးသားခြင်းဆိုင်ရာ သင်တန်းပို့ချခြင်းအခမ်းအနား ကျင်းပခဲ့သည်။

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး၊ တိုင်းတာဝန်ခံဥက္ကဋ္ဌ တိုင်းကြီးကြပ်ရေးတာဝန်ခံ ဗဟိုသတင်းထောက်ချုပ် ဦးဝင်းနိုင်က SH သတင်းဌာနတွင် ပါဝင်ဆောင်ရွက်နေသော SH သတင်းဌာနမှ သတင်းထောက်အဖွဲ့ဝင်များအနေဖြင့် သတ်မှတ်ထားသော စည်းကမ်းချက်များဖြစ်သည့် ဌာနဆိုင်ရာများနှင့် အဖွဲ့အစည်းများကို ထင်ယောင်ထင်မှားဖြစ်အောင် ပြုမှုခြင်း၊ ရေးသားခြင်းများ လုံးဝမပြုကြရန်၊ သတင်းထောက်အဖွဲ့ဝင်များအနေဖြင့် သတင်းများသွားရောက်ရယူရာတွင် တည်ဆဲဥပဒေ၊ မီဒီယာဥပဒေနှင့်အညီ သတင်းအမှန်များ ရေးသားဖော်ပြဖို့ရန်နှင့် ပြည်သူ့အကျိုးပြုသတင်းများ ရေးသားဖော်ပြနိုင်ဖို့ရန် ဥပဒေဘောင်အတွင်း၌သာ ဆောင်ရွက်သွားရန် အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်ပြီး မန္တလေးတိုင်းဒေသကြီး၊ တိုင်းရုံး (၂) ဥက္ကဋ္ဌ ဗဟိုဒုတိယသတင်းထောက်ချုပ် ဦးပုညနှင့် မန္တလေးခရိုင်ဥက္ကဋ္ဌ ဗဟိုဒုတိယသတင်းထောက်ချုပ် ဦးသန်းစိုးတို့က မိတ်ဆက်စကားပြောကြားခဲ့သည်။ ယင်းနောက် သတင်းရေးသားဖော်ပြရာတွင် ရုံးချုပ်မှသတ်မှတ်ထားသော စည်းကမ်းချက်များအား အခမ်းအနားမှူးက ဖတ်ကြားခဲ့ပြီး အခမ်းအနားတက်ရောက်လာသည့် သတင်းထောက်အဖွဲ့ဝင်များက သိရှိလိုသည်များအား အသီးသီးမေးမြန်းဆွေးနွေးခဲ့သည်။

ထို့နောက် SH သတင်းဌာနမှ အယ်ဒီတာချုပ် ဦးသက်နိုင်ဦးက သတင်းထောက်အဖွဲ့ဝင်များအား နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ဇင်မင်းမောင် (ခရိုင်၊ ပြန်/ဆက်)