မိတ္ထီလာမြို့နယ်၌ ယင်လုံအိမ်သာ ရာနှုန်းပြည့် လွှမ်းခြုံနိုင်ရေးအတွက် လူထုဦးဆောင်သော အလုံးစုံ သန့်ရှင်းရေး အသိပညာပေးဆောင်ရွက်

မိတ္ထီလာ မေ ၃၁

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ကျန်းမာရေးဦးစီးဌာနမှ ယင်လုံအိမ်သာ ရာနှုန်းပြည့်လွှမ်းခြုံနိုင်ရေးအတွက် လူထုဦးဆောင်သော အလုံးစုံသန့်ရှင်းရေး အသိပညာပေးဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၉ နာရီက တောမကျေးရွာတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိတ္ထီလာမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ရက် (၁၀၀) စီမံချက်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့်လုပ်ငန်းများအနက် ယင်လုံအိမ်သာရာနှုန်းပြည့် လွှမ်းခြုံမှုရရှိနိုင်ရေး အရှိန်အဟုန်မြင့်ဆောင်ရွက်လျက်ရှိရာ လူတိုင်းအခြေခံသန့်ရှင်းသော ဝန်ဆောင်မှုများ လက်လှမ်းမီရရှိ အသုံးပြုနိုင်ပြီး တောထိုင်ဓလေ့ ကင်းစင်စေရန်ရည်ရွယ်၍ လူထုဦးဆောင်သော အသိပညာပေးဆောင်ရွက်ခြင်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်အောင်လေး၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ခရိုင်မှူး ဒေါက်တာရဲပိုင်နှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက ဒေသခံပြည်သူများအား ယင်လုံအိမ်သာ သုံးစွဲခြင်းမှ ရရှိနိုင်မည့်အကျိုးဇူးများအကြောင်းကို အသိပညာပေး ဟောပြောခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ခရိုင်မှူးနှင့် သက်ဆိုင်ရာဌာနများ၊ လူမှုရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများက ကျေးရွာအတွင်းရှိ အိမ်သာများအား ကွင်းဆင်းကြည့်ရှု့စစ်ဆေးပြီး ပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)