မိုင်းဆတ်မြို့၌ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပ

မိုင်းဆတ် မေ ၃၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက အခြေခံပညာအထက်တန်းကျောင်း (မိုင်းဆတ်)ခန်းမဆောင်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ အ.ထ.က(မိုင်းဆတ်) ကျောင်းသား/ကျောင်းသူများက "ကျောင်းအပ်ကြစို့" ‌သီချင်းဆို၍ အခမ်းအနား ဖွင့်လှစ်ပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညီညီထွေးက အမှာစကားပြောကြားကာ ခရိုင်ပညာရေးမှူး ဒေါ်စန်းကြည်ဝင်းက ကျောင်းအပ်နှံဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးကြီးသုဟန်ထွန်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညီညီထွေး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ အားလွန်နှင့် တာဝန်ရှိသူတို့က နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ပေးသည့် ကျောင်းသုံးဖတ်စာအုပ်၊ ဗလာစာအုပ်၊ ဘောလ်ပင်၊ ခဲတံ၊ ကျောင်းဝတ်စုံနှင့် Football For School Program ဖြင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA ပေးအပ်သည့် adidas size 4 ဘောလုံးများကိုပေးအပ်ရာ သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများက လက်ခံရယူပြီး အထက-ခွဲ(အလက-၁) ကျောင်းသား/ကျောင်းသူများက "ဘက်စုံပညာကိုရည်တို့လှမ်းချီ " သီချင်းဖြင့် သီဆိုဖျော်ဖြေသည်။

မိုင်းဆတ်မြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (၉၅) ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၂) ကျောင်း၊ ကိုယ်ပိုင်ကျောင်း (၁) ကျောင်းရှိပြီး ၂၀၂၆-၂၀၂၇ ပညာ သင်နှစ်၊ “ကျောင်းနေအရွယ်ကလေးများအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့် အညီ မေလ (၂၅)ရက်နေ့မှ မေလ (၃၁)ရက်နေ့အထိ ကျောင်းအပ်နှံခြင်းကို သက်ဆိုင်ရာ ကျောင်းများအလိုက် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ မေ ၂၉ ရက်ထိ ကျောင်းသား/ကျောင်းသူ ၈၂၃၅ ဦး အပ်နှံခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)