တာချီလိတ် မေ ၃၁
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို၌ မြန်မာ-ထိုင်းနှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရန်၊ ဗုဒ္ဓသာသနာတော်ထွန်းကားပြန့်ပွားစေရန်၊ ကုသိုလ်ကောင်းမှုများ စုပေါင်းဆောင်ရွက်နိုင်ပြီး သာသနာတော်အဓွန့်ရှည် တည်တံ့ခိုင်မြဲစေရန်ရည်ရွယ်၍ နှစ်နိုင်ငံချစ်ကြည်ရေး ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် ပဒေသာပင်စိုက်ထူပူဇော်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ဆန်ဆိုင်း (က) ရပ်ကွက်ရှိ နဂါးနှစ်ကောင်ကျောင်းတိုက်တွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ဒေသခံရှမ်းတိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များက တိုင်းရင်းသားအကများဖြင့်ကြိုဆိုပြီး စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်မင်းထွန်း၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်ဦးဆွေ၊ မြိုနယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စွာမျိုးနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ထိုင်းနိုင်ငံ ဘာသာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် မစ္စတာ ပကျနာပညာသိလ်၊ ချင်းရိုင်ခရိုင်ယဉ်ကျေးမှုဦးစီးဌာန မစ္စတာ ပိသန့်ဂျန်သိလ် ဦးဆောင်သော ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဗုဒ္ဓဘာသာနွယ်ဝင် အလှူရှင်များက ဆရာတော် သံဃာတော် ၉၉ ပါးတို့အား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများကို ကြည်နူးဖွယ်ရာ စုပေါင်းလောင်းလှူကြသည်။
ထို့နောက် ဧည့်ပရိသတ်များက နဂါးနှစ်ကောင်ကျောင်းတိုက်ဆရာတော် မြို့နယ်သံဃာ့နာယက ဥက္ကဋ္ဌ ဘဒ္ဒန္တသုဓမ္မ (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ) (သာသနတက္ကသီလဓမ္မာစရိယ B.A Buddhism, M.A သီရိလင်္ကာ) ထံမှ ငါးပါးသီလခံယူဆောက်တည်ကာ သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားချီးမြှင့်တော်မူသော မင်္ဂလာသုတ်၊ ရတနသုတ်၊ မေတ္တသုတ် ပရိတ်တရားတော်များကို နာယူကြည်ညိုပြီး အလှူရှင်များက နဂါးနှစ်ကောင်ကျောင်းတိုက်ဆရာတော်နှင့် ထိုင်းနိုင်ငံမှ ဆရာတော် ဖရာခရူပိဆောင် နလာအွန် အမှူးထား၍ ဆရာတော်သံဃာတော်များအား နဝကမ္မ ဝတ္ထုငွေနှင့် ပဒေသာပင်များ ဆက်ကပ်လှူဒါန်း၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှ ပေးဝေခဲ့ကြကြောင်း သိရသည်။
ကျော်ဇေယျာလင်း