လွိုင်လင်မြို့နယ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေလွှဲပြောင်းပေးအပ်

လွိုင်လင် မေ ၃၁

နိုင်ငံတော်အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လွိုင်လင်မြို့နယ်အတွင်းရှိ ဟွေမိ - ထီခဲကျေးရွာနှင့် စစ်စီကျေးရွာတို့တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း လမ်း၊ တံတားလုပ်ငန်းများဆောင်ရွက်ရန် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲကို မေလ (၂၉) ရက်နေ့နံနက်ပိုင်းက အဆိုပါဦးစီးဌာန ခရိုင်ရုံးခန်းမ၌ ပြုလုပ်ခဲ့သည်။

ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကြည်မြင့်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်သက်နိုင်နှင့် ခရိုင်ဦးစီးမှူး ဦးကျော်သန့်ဇင်တို့က အသီသီးအမှာစကားပြောကြားကြပြီးနောက် စီမံကိန်း (VDP) ရန်ပုံငွေများကို ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ကျေးရွာတစ်ရွာလျှင် ကျပ်သိန်း (၁၅၀) စီကို လွှဲပြောင်းပေးအပ်ရာ ကျေးရွာကော်မတီဝင်များမှ လက်ခံရယူပြီး ကျေးဇူးတင်စကား‌ ပြန်လည်ပြောကြားခဲ့သည်။

အဆိုပါ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေဖြင့် စစ်စီကျေးရွာအဝင်လမ်း ကွန်ကရစ်ခင်းခြင်း (၃၂၀ ပေ × ၁၀ ပေ × ၆ပေ) နှင့် ထီခဲကျေးရွာအဝင် ကျောက်ရိုးစီ သစ်သားတံတားခင်းခြင်း (၂၂ ပေ × ၁၄ ပေ × ပေ) လုပ်ငန်းဆောင်ရွက်ရန်ဖြစ်ကြောင်း သိရသည်။

လွိုင်လင်မိုး