၂၂ ဘီးယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ ရှေ့မှမောင်းနှင်နေသည့် ၂၂ ဘီးယာဉ်အား ဝင်ရောက်တိုက်မိမှု တိုက်ကြီးမြို့နယ်၌ ဖြစ်ပွား

တိုက်ကြီး မေ ၃၁

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ တာခွကျေးရွာအုပ်စု၊ လသာကုန်းကျေးရွာ ရန်ကုန်-ပြည်ကားလမ်း၊ အောင်ပြည့်စုံဟော်တယ်အနီးတွင် မေ ၃၀ ရက် ည ၁၀ နာရီ မိနစ် ၄၀ ခန့်က ၂၂ ဘီးယာဉ်တစ်စီးသည် အရှိန်မထိန်းနိုင်ဘဲ အရှေ့မှ‌မောင်းနှင်နေသည့် ၂၂ ဘီးယာဉ်အား ဝင်ရောက်တိုက်မှု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ တိုက်ကြီးဘက်မှ မှော်ဘီဘက်သို့ ယာဉ်မောင်း ဦးအောင်အောင် အသက်(၅၂)နှစ် အောင်လံမြို့နေသူ၏ MDY-15(3/N---) NISSAN DIESEL (အဖြူရောင်) ၂၂ ဘီးယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လားရာတူ ၎င်းရှေ့မှ ယာဉ်မောင်း ဦးသက်နိုင်စိုး အသက်(၃၃)နှစ် အောင်လံမြို့နေသူ၏ YGN-11(3B/----) NISSAN DIESEL (အဖြူရောင်) ၂၂ ဘီးယာဉ်အား အနောက်မှ ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်သည်။

ယာဉ်တိုက်မှုကြောင့် MDY-15(3/N----) NISSAN DIESEL (အဖြူရောင်) ၂၂ ဘီးယာဉ်၏ ယာဉ်နောက်လိုက်ဖြစ်သူ ဦးမျိုးမင်းအောင် အောင်လံမြို့နေထိုင်သူသည် ညာလက်ကောက်ဝတ် ပြတ်ရှဒဏ်ရာ၊ ညာဒူးဖူးရောင်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့သည်။ ယာဉ်မောင်း ဦးအောင်အောင်မှာ ယာဉ်မောင်းခန်းအတွင်း ကားထိုင်ခုံနှင့် Daskboard ကြား ညှပ်နေသဖြင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်ချစ်ထက် ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များက Power Unit၊ Hydraulic Spreader၊ Hydraulic Ram၊ Hydraulic Cutter များအသုံးပြု၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများအား ခိုကိုးရာမဲ့အဘိုးအဘွားစောင့်ရှောက်ရေးနှင့် ကူညီကယ်ဆယ်ရေးအသင်းမှ လူနာတင်ယာဉ်ဖြင့် တိုက်ကြီးမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

ဝတ်ရည် (ပြန်/ဆက်)