ဥတ္တရသီရိ မေ ၃၀
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဥတ္တရသီရိမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂ဝ၂၆-၂ဝ၂၇ ခု ဘဏ္ဍာရေးနှစ် ရက်(၁၀၀)စီမံချက်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် မြစိမ်းရောင်စီမံကိန်း ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မင်းကုန်းကျေးရွာအုပ်စု၊ အောင်သုခကျေးရွာရှိ စက်မြိုင်ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပခဲ့သည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲမြတ်သိန်းက အမှာစကားပြောကြားရာတွင် စီမံကိန်းရန်ပုံငွေများ ဆုံးရှုံးမှု မရှိစေရေး စနစ်တကျထိန်းသိမ်း ဆောင်ရွက်သွားရန်လိုကြောင်း၊ စီမံကိန်းရန်ပုံငွေဖြင့် လုပ်ငန်းများအမှန်တကယ်ဆောင်ရွက်ပြီး မိသားစုဝင်ငွေတိုးပွားရေးကို စနစ်တကျဆောင်ရွက် ပေးစေလိုကြောင်း ပြောကြားပြီး ဥတ္တရခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်အေးနှင့် မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်ဝင်းတို့က မြစိမ်းရောင်ကျေးရွာစီမံကိန်း ထုတ်ချေးရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေအား အသင်းသား၊ အသင်းသူများထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး အသင်းသား၊ အသင်းသူများကိုယ်စား မြစိမ်းရောင်ကျေးရွာစီမံကိန်းဥက္ကဋ္ဌ ဦးကျော်မိုးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)