ဒက္ခိဏသီရိ မေ ၃၀
ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ လယ်ဝေးခရိုင်၊ ဒက္ခိဏသီရိမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် အမှတ်(၁၈) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်၊ လယ်ဝေးခရိုင် ပညာရေးမှူး ဒေါ်စန်းစန်းအေး၊ ဒက္ခိဏသီရိ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သည်။
ဦးစွာ ဒက္ခိဏသီရိမြို့နယ် အမှတ် (၁၈) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက “ကျောင်းအပ်ကြစို့” သီချင်း သီဆို၍ အခမ်းအနားကို ဖွင့်လှစ်သည်။
ယင်းနောက် နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်က နိုင်ငံသားတိုင်းသည် နိုင်ငံတော်မှ ချမှတ်ထားသော ပညာရေးဆိုင်ရာမူဝါဒများနှင့်အညီ အခြေခံပညာသင်ယူရေး၊ ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ယူရမည့် အရွယ်ကလေးအားလုံး ကျောင်းတက်ရေး၊ ကျောင်းအပ်နှံရေးရက်သတ္တပတ်သည် နိုင်ငံတော်အတွက်ရော ပညာရေးမိသားစုအတွက်ပါ မင်္ဂလာရှိသည့်နေ့များဖြစ်ပါကြောင်း၊ “နိုင်ငံတော် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေး အားလုံး ကျောင်းအပ်နှံကြပါစို့” ဆိုသည့် ကျောင်းအပ်နှံရေး သီတင်းပတ်ဆောင်ပုဒ်ကို အလေးအနက်ထားပြီး လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ပညာရေးဝန်ထမ်းများ၊ မိဘပြည်သူများအားလုံးက ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားပြီး လယ်ဝေးခရိုင်ပညာရေးမှူး ဒေါ်စန်းစန်းအေးက ကျောင်းအပ်နှံရေးနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများက အခမဲ့ ပုံနှိပ်စာအုပ်များ၊ စာရေးကိရိယာများ၊ ကျောင်းဝတ်စုံများနှင့် ကျောင်းသုံးပစ္စည်းများကိုပေးအပ်ကြပြီး ကျောင်းသား၊ ကျောင်းသူများက ဇာတိမာန်သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
အောင်မျိုးထွန်း(ပြန်/ဆက်)