နေပြည်တော် မေ ၃၀
နေပြည်တော်အဆင့်ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ (၁) ၌ ကျင်းပရာ အစည်းအဝေးသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် ဖိတ်ကြားထားသူများ တက်ရောက်သည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းက အမှာစကားပြောကြားရာ၌ ဒေသ၏အဓိကစီးပွားရေးမဏ္ဍိုင်ဖြစ်သည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍကို မိရိုးဖလာနည်းလမ်းများအစား ခေတ်မီနည်းစနစ်များဖြင့် ပိုမိုတိုးတက်အောင် ဆောင်ရွက်ကြရမှာဖြစ်ပြီး သီးနှံစွမ်းအားမြှင့်တင်ရန်အတွက် ဒေသအတွင်း ပလပ်မြေ/မြေလွတ်မြေရိုင်းများ လုံးဝမရှိစေရေး စနစ်တကျ ဖော်ထုတ်စိုက်ပျိုးကြရပါမည်ဖြစ်ကြောင်း၊ ဆီထွက်သီးနှံစိုက်ပျိုးမှုများ အောင်မြင် ဖြစ်ထွန်းစေရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရန်နှင့် ဒေသအတွင်း စားရေရိက္ခာဖူလှုံမှုရှိရန်အတွက် စိုက်ပျိုးရေးကဏ္ဍအပြင် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်အောင် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကျောင်းနေအရွယ် ကလေးငယ်အားလုံး အခြေခံပညာသင်ယူခွင့်ရရှိရေးအတွက် ကျောင်းအပ်နှံရေး အသိပညာပေးခြင်း၊ နိူးဆော်ခြင်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ရန်နှင့် စာတတ်မြောက်ရုံတင်မကဘဲ အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံသည့် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွက်လာစေရေးအတွက် ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် မိဘပြည်သူများအားလုံး ကဏ္ဍစုံမှ ပူးပေါင်းမြှင့်တင်ပေးကြရန်လိုအပ်ကြောင်း၊ အားကစားကဏ္ဍတွင် ကျန်းမာကြံ့ခိုင်ပြီး ဗလငါးတန်နှင့်ပြည့်စုံသော မျိုးဆက်သစ်များ ပေါ်ထွက်လာစေရန် အားကစားပြိုင်ပွဲများကို အရှိန်အဟုန်ဖြင့် မြှင့်တင်ရန်လိုအပ်ကြောင်း၊ ဒေသတွင်း အားကစားပြိုင်ပွဲများ အစဉ်အလာမပျက် ကျင်းပပေးခြင်းဖြင့် ထူးချွန်ထက်မြက်သည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများပေါ်ထွက်လာအောင် ဝိုင်းဝန်းပြုစုပျိုးထောင်ပေးကြရမှာဖြစ်ပါကြောင်း၊ မြို့တော်ဥပဒိရုပ် လှပစေရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားကြရန်နှင့်နေပြည်တော်ကို Green City၊ Clean City၊ Smart City ဖြစ်စေရေး အလေးထား ဆောင်ရွက်ကြရန် လိုအပ်ပြီး မြို့ပြသန့်ရှင်းသပ်ရပ်မှု၊ စိမ်းလန်းသာယာရေးတို့အတွက် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရန် ပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသည့် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက်ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းက လိုအပ်သည့်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
အောင်သူရဦး(ဒက္ခိဏ)