အင်းစိန်မြို့နယ်၌ ၂၀၂၅ - ၂၀၂၆ ခုနှစ်၊ ငါးမဖမ်းရ ရာသီပိတ်ကာလအတွင်း ပင်လယ်ငါးဖမ်းရေလုပ်သားများအတွက် အခြေခံလုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်း (၁/၂၀၂၆) ဖွင့်ပွဲ အခမ်းအနားကျင်းပ

ရန်ကုန် မေ ၂၉

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ ၂၀၂၅- ၂၀၂၆ ခုနှစ်၊ ငါးမဖမ်းရ ရာသီပိတ်ကာလအတွင်း ပင်လယ်ငါးဖမ်းရေလုပ်သားများအတွက် အခြေခံလုပ်ငန်းခွင် ကျွမ်းကျင်မှုသင်တန်း(၁/၂၀၂၆) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၊ ငါးလုပ်ငန်းသင်တန်းကျောင်း(ကြို့ကုန်း)တွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးဌာနမှူး ဦးသံချောင်းနှင့် ဒုတိယတိုင်းမှူး၊ ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ မြန်နိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ကမ်းဝေးငါးဖမ်းလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူးနှင့် ကမ်းဝေးရေယာဉ်ပိုင်ရှင်များ၊ သင်တန်းသားများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးဌာနမှူး ဦးသံချောင်းက အဖွင့်အမှာစကားပြောကြားသည်။

အဆိုပါသင်တန်းကို နည်းပြများက ပြည်သူ့နီတိ(လူ့ကျင့်ဝတ်များ)၊ မြန်မာ့ပင်လယ်ငါးလုပ်ငန်း ဥပဒေဆိုင်ရာသိကောင်းစရာများနှင့် VMS အတွက် ညွှန်ကြားချက် အမှတ်(၅/၂၀၂၀)၊ ပင်လယ်ငါးဖမ်းရေလုပ်သားများ လုပ်ငန်းခွင်အတွင်း ထိခိုက်မှုမရှိစေရန်အတွက် အခြေခံလုပ်ငန်းခွင် ကျွမ်းကျင်မှုရှိစေရေးဆိုင်ရာများ၊ ငါးဖမ်းလှေနှင့် ငါးချဆိပ်ကမ်းများတွင် ငါး/ပုစွန်များ ကိုင်တွယ်ထိန်းသိမ်း သိုလှောင်ခြင်းနည်းလမ်းများ၊ ရှေးဦးသူနာပြုစုနည်းနှင့် မီးဘေးအန္တရာယ်အကြောင်း သိကောင်းစရာများ ဘာသာရပ်များကို သင်တန်းသား(၄၀)ဦးအား ၂၀၂၆ ခုနှစ်၊ မေလ(၂၉)ရက်နေ့မှ ဇွန်လ(၈)ရက်နေ့အထိ (၆)ကြိမ် စာတွေ့၊ လက်တွေ့ ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)