ညောင်ဦး မေ ၂၉
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၊မြင်းကပါကျေးရွာ သထုံဘုရင်မနူဟာမင်းကြီးနှင့် မိဖုရားနင်္ဂလာဒေဝီတို့ တည်ထားကိုးကွယ်တော်မူခဲ့သည့် မနူဟာဘုရားကြီး ရွှေထီးတော်၊ ငှက်မျက်နားတော်နှင့် ရတနာစိန်ဖူးတော်တင်လှူပူဇော်ခြင်းနှင့် အလယ်ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရွှေသင်္ကန်းကပ်လှူပြီးစီးမှု ရွှေပြည့်အောင်ပွဲနှင့် ဗုဒ္ဓါဘိသေကအနာကဇာတင်လှူခြင်း မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က မနုဟာဘုရားကြီး ရင်ပြင်တော်ပေါ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရွှေထီးတော်၊ ငှက်မြတ်နားတော်နှင့် စိန်ဖူးတော်တင်လှူပွဲ အခမ်းအနားတွင် ညောင်ဦးမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ အလိုတော်ပြည့်စာသင်တိုက်ပဓာနနာယကဆရာတော် (ဂန္ထဝါစကပဏ္ဍိတ၊ မဟာသဒ္ဓမ္မဇောတိကဓဇ) ဘဒ္ဒန္တပဏ္ဍိတ အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ဆက်လက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းပို၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဘုန်းမြင့်၊ ညောင်ဦးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညို ကော်မတီဝင်များ၊ ညောင်ဦးမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်နှင့် ကော်မတီဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ မနူဟာဘုရားဂါပကအဖွဲ့ဝင်များက ရွှေထီးတော်၊ ငှက်မြတ်နားတော်နှင့် စိန်ဖူးတော်နှင့် ရွှေထီးတော်ဘုံအဆင့် ဆင့်နှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ တက်ရောက်ကြသည့် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ မနူဟာဘုရားဂါပကအဖွဲ့ဝင်များ၊ ရပ်ဝေးရပ်နီးမှ အလှူရှင်များက မေတ္တာသုတ်ပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။
ဆက်လက်၍ သံဃာတော်အရှင်သူမြတ်များက ဘုန်းတော်တိုးရွှေထီးတော်အဖွဲ့ထံသို့ ရွှေထီးတော်တင်လှူနိုင်ရေးအတွက် စိန်ဖူးတော်၊ ငှက်မျက်နားတော်နှင့် ရွှေထီးတော်ဘုံအဆင့်ဆင့်များအား ပြန်လည်အပ်နှံကြသည်။
ဆက်လက်၍ ညောင်ဦးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းညိုက စိန်ဖူးတော်နှင့် ငှက်မျက်နားတော်အားလည်ကောင်း၊ ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့များ၊ အလှူရှင်များနှင့် ရွှေထီးတော်တင်အဖွဲ့တို့က မနူဟာဘုရားကြီးအား လက်ယာရစ်သုံးကြိမ်လှည့်ပတ်အပူဇော်ခံ၍ ယာယီမဏ္ဍပ်သို့ ပြန်လည်ပင့်ဆောင်အပူဇော်ခံသည်။
ထို့နောက် ဘုန်းတော်တိုးထီးတော်တင်အဖွဲ့က သစ္စာအဓိဌာန်ပြုခြင်းများ ပြုလုပ်ပြီး ညောင်ဦးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းညိုနှင့်အတူ ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့များ၊ အလှူရှင်များနှင့် ရွှေထီးတော်တင်အဖွဲ့တို့က အရံစေတီ (၃၅) ဆူအား စေတီအလိုက် တင်လှူပူဇော်ခဲ့ကြကြောင်း သိရသည်။
ဒီပါလင်း