အာနန္ဒာမြတ်စွာဘုရားကြီး၏ ကွမ်းတောင်တော်ကြီးနှင့်အရံစေတီလေးဆူ ရွှေသင်္ကန်းကပ်လှူပြီးစီးမှု ဗုဒ္ဓဘိသေကအနေကဇာတင်လှူပူဇော်ခြင်းအခမ်းအနားကျင်းပ

ညောင်ဦး မေ ၂၉

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ အာနန္ဒာမြတ်စွာဘုရားကြီး၏ ကွမ်းတောင်တော်ကြီးနှင့် အရံစေတီလေးဆူရွှေသင်္ကန်းကပ်လှူပြီးစီးမှု ဗုဒ္ဓဘိသေကအနေကဇာတင်လှူပူဇော်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၆ နာရီအချိန်က အာနန္ဒာဘုရားကြီး တောင်ဘက်မုခ်တွင်ကျင်းပခဲ့သည်။

နံနက် ၅ နာရီခွဲအချိန်၌ ပင့်ဖိတ်ထားသည့် ဆရာတော်အရှင်သူမြတ်များက ဗုဒ္ဓဘိသေကအနေကဇာတင်လှူပူဇော်ကြသည်။ ထို့နာက် နိုင်ငံတော်ဩဝါဒစရိယ မန္တလေးမြို့၊ မြတောင်ကျောင်းတိုက် အဓိပတိမဟာနာယကသာယာဝင်းကျောင်း ‌‌‌‌‌‌‌‌‌‌‌‌‌ဆရာတော်အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသာဂရဘိဝံသအရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး၊ ဆရာတော်အရှင်သူမြတ်များက မေတ္တာသုတ်ပရိတ်တရားတော်နာယူကြည်ညိုကြသည်။ ပြီးနောက် ညောင်ဦးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့် ကော်မတီဝင်များ၊ ညောင်ဦးမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းလှိုင်တင့်နှင့် ကော်မတီဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ အာနန္ဒာဘုရားဂါပကအဖွဲ့ဝင်များ၊ မြန်မာပြည်အရပ်ရပ်မှ ရွှေသင်္ကန်းကုသိုလ်ရှင်များက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ဆက်လက်၍ ညောင်ဦးမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ အလိုတော်ပြည့်စာသင်တိုက် ပဓာနနာယက ဆရာတော် (ဂန္ထဝါစကပဏ္ဍိတ၊မဟာသဒ္ဓမ္မဇောတိကဓဇ) ဘဒ္ဒန္တပဏ္ဍိတအရှင်သူမြတ်ထံမှ အနုမောဒနာတရားနာလှူဒါန်းမှုစုစုတို့အား ရေစက်သွန်းချအမျှအတန်းပေးဝေခဲ့ကြောင်း သိရပြီး ပင့်သံဃာတော် (၄၅) ပါးတို့အား ဆွမ်းသပိတ်လုံးများ လောင်းလှူခဲ့ကြောင်း သိရသည်။

ဒီပါလင်း