ပန်းဘဲတန်း မေ ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ပန်းဘဲတန်းမြို့နယ်၌ ယနေ့ နံနက်(၇)နာရီခွဲအချိန်က အမှတ်(၅)ရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ Junctioncity Centre ရှေ့တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနအနေဖြင့် ပြည်သူများ စနစ်တကျ အမှိုက်စွန့်ပစ်သည့် အကျင့်ကောင်းများ ရရှိစေရေးနှင့် အစဉ်တစိုက် လိုက်နာစေရေးတို့ကို ရည်ရွယ်၍ အမှိုက်စွန့်ပစ်မှုဆိုင်ရာ အသိပညာပေး (Public Awareness) အစီအစဉ်ကို ကျင်းပပြုလုပ်သည်။
အဆိုပါ အစီအစဉ်တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးတင်မြ၊ ပန်းဘဲတန်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့၀င်များ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေး အဖွဲ့၀င်များ၊ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်ရေးနှင့် သန့်ရှင်းရေးဌာန ဌာနမှူးနှင့် အရာထမ်း၊ အမှုထမ်းများ၊ ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၀င်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများတို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့နောက်ဆောင်ရွက်မှုအား အသိပညာပေးရွေ့လျားယာဉ်များဖြင့် အသိပညာပေး ဆောင်ရွက်ချက်မှတ်တမ်းများ ပြသခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ ယာဉ်များတွင် အသိပညာပေးဆောင်ပုဒ်စတစ်ကာများ ကပ်ပေးခြင်း၊ အမှိုက်လေးမျိုး (အမှိုက်စို၊ အမှိုက်ခြောက်၊ ပလတ်စတစ်၊ ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းများ ခွဲခြားစွန့်ပစ်မှုကို လက်တွေ့ပြသခြင်း၊ ဝန်ထမ်းများက စွန့်ပစ်အမှိုက်အသိပညာပေး တေးသရုပ်ဖော်သီချင်းတို့ဖြင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)